စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ်လ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ်လ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၄၅) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၉၂၄) ဦးရှိပြီး ထိုအထဲမှ (၂၂၁၃၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၀၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကျဉ်းထောင်များ၌ ထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများသည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရရှိသောကြောင့် အသက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသည်။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေး(အိုးဘို)အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုသီဟသည် အကျဉ်းထောင်အတွင်း၌ လည်ပင်းအကျိတ်ကင်ဆာရောဂါကို ခံစားခဲ့ရပြီး လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ နံနက် ၄ နာရီခန့်အချိန်တွင် သေဆုံးခဲ့ခြင်းကို မိသားစုအား အကြောင်းကြားခဲ့သော်လည်း ရုပ်အလောင်းကို မိသားစုထံသို့ ပြန်ပေးခဲ့ခြင်းမရှိပါ။ ကိုသီဟသည် ၂၀၂၃ ခုနှစ်အတွင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ၅၀(ည) တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။
အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို ဦးတည်တိုက်ခိုက်လျက်ရှိရာ မတ်လ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်(တောင်)ရွာရှိ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ဘုရားစေတီနှင့် သာသနိကအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့သည်။ မတ်လ ၂၁ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်အုပ်စုမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် သံဃာတပါး ပျံလွန်တော်မူခဲ့သည်။ ထို့ပြင် မတ် ၂၂ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာရှိ ကျေးလက်ဆေးပေးခန်းကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ဆရာဝန်အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

