“ပြည်သူလူထုအား ဖိနှိပ်အုပ်ချုပ်ရာတွင် တရားဥပဒေကို လက်နက်သဖွယ်အသုံးပြုခြင်း” အစီရင်ခံစာအား  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မိတ်ဆက်တင်ပြခြင်း။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ယနေ့ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင်  အကြမ်းဖက်စစ်အာဏာရှင်မှ ကိုလိုနီခေတ်ကာလ ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဖိနှိပ်ချုပ်ချယ်သည့်  ဥပဒေများကို ဆက်လက်ကျင့်သုံးခြင်း၊ ထပ်မံပြင်ဆင်ခြင်းနှင့် ဥပဒေအသစ်များရေးဆွဲ အတည်ပြုခြင်းတို့ကို ပြုလုပ်ကာ ၎င်းဥပဒေများကို လက်နက်သဖွယ်အသုံးချ၍  မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို စနစ်တကျ စဉ်ဆက်မပြတ် ကျူးလွန်နေသည့် အခြေအနေကို ရေးသား တင်ပြထားပါသည်။

“စစ်အာဏာရှင်တွေက မတရားတဲ့ဥပဒေတွေ၊ စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်တွေကို အသုံးချပြီး သူတို့ကို ပြည်သူလူထု မတော်လှန်ရဲအောင် အကြောက်တရားဝန်းကျင်ကို ဖန်တီးဖို့လုပ်ဆောင် နေကြ တယ်၊ တော်လှန်သူတွေကို နှိပ်စက်ညှဉ်းပမ်းဖို့ အသုံးချနေကြတယ်။ ဒါမျိုး မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းမှာထပ်မဖြစ်အောင်ကြိုးစားကြရပါမယ်။ မိမိတို့ရဲ့ကိုယ်ပိုင်ထိန်းချုပ်နယ်မြေများမှာ အုပ်ချုပ်ရေး ယန္တရားတွေကို ဖေါ်ဆောင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားအုပ်စုများ အနေနဲ့လည်း တည်ဆဲဥပဒေများ၊ ဥပဒေစိုးမိုးရေးဆောင်ရွက်နေသောအေဂျင်စီများ၊ အကျဉ်းထောင် များနဲ့ စစ်ကြောရေးစခန်းများကို အသုံးပြုပြီး ပြည်သူများကို ဖိနှိပ်မှာမဟုတ်ကြောင်းကို ကျွန်ုပ်တို့ ယုံကြည်ပါတယ်။” {ကိုဘိုကြည် – တွဲဘက်အတွင်းရေးမှူး (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း)}

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေသော နွေဦးတော်လှန်ရေးသည် မလွဲဧကန် အောင်မြင်မည် ဖြစ်သည်။ နိုင်ငံအနှံအပြားတွင် တော်လှန်ရေးအဖွဲ့များသည် နိုင်ငံ၏ နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်နေ သည့် အခြေအနေကိုရောက်ရှိနေပြီး  ၎င်းနယ်မြေဒေသများတွင် တော်လှန်ရေးအဖွဲ့အစည်းများမှ အသုံးပြုမည် ဥပဒေများသည် ဒေသခံပြည်သူကို ဗဟိုပြုပြီး အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ချဉ်းကပ်မှုဖြင့် ပြဋ္ဌာန်းကျင့်သုံးရန် အရေးကြီးသည်။ ထို့အပြင် ၎င်းဥပဒေများသည် သက်ဆိုင်ရာပြည်သူတို့၏ အခြေခံ လွတ်လပ်ခွင့်များကိုလည်း လေးစားပြီး အကာအကွယ်ပေးရန်လည်းလိုအပ်သည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် စစ်အာဏာရှင်ကို ခုခံတွန်းလှန် နေသော တော်လှန်ရေး အဖွဲ့အစည်း အားလုံးအနေဖြင့် မိမိတို့ထိန်းချုပ်ထားသည့်နယ်မြေများတွင် လက်ရှိ အသုံးပြုနေသော ဥပဒေမူဘောင်များကို ပြန်လည်သုံးသပ်ရာတွင် ဤအစီရင်ခံစာသည် တစုံတရာ အထောက်အကူပြုမည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အနေဖြင့် မျှော်လင့်ထားပါသည်။ ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေတချို့ကို နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများ၊ အခြားသောနိုင်ငံများ၏ ပြည်တွင်းဥပဒေများနှင့် နှိုင်းယှဉ်ကာ အနာဂတ်ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အတွက် အကြံပြုချက်များကို ရေးသားတင်ပြထားပါသည်။

တချိန်တည်းမှာပင် အကြမ်းဖက်စစ်အာဏာရှင်အနေဖြင့် တိုင်းပြည်ကို ရေရှည်ထိန်းချုပ်ရန် မဖြစ်နိုင် တော့ကြောင်းကို မြေပြင်အခြေအနေများအရ  ရှင်းလင်းစွာသိမြင်နေရသည်။  နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများစွာဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်ကို ပို၍ဖိအားပေးရန်လည်း လိုအပ်ပါသည်။  သို့မှသာ မြန်မာနိုင်ငံသည် အခြေခံလူ့အခွင့်အရေးကို လေးစားလိုက်နာသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

AAPP: info@aappb.org

အစီရင်ခံစာဖိုင်ရယူရန် – law report.burmese.ebook