နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်ပြည့် ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ဖွဲ့စည်းထူထောင်ခြင်း ၂၅ နှစ်ပြည့်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။
၂၅ နှစ်တာ ခရီးရှည်တလျောက် အေအေပီပီသည် စတင်ဖွဲ့စည်းစဉ်အချိန်က ရည်ရွယ်ချက် ထားရှိသည့် အတိုင်း နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ကူညီပံ့ပိုးမှုများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများအား ပြန်လည်ကုစားရေး၊ ပြန်လည်ပြုစု ပျိုးထောင်ရေး တို့ကို အစဉ်တစိုက် ဆောင်ရွက်လျက် ရှိပါသည်။
ထိုမှတဆင့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရာတွင် အမျိုးသားရင်ကြားစေ့ရေး၊ မတူကွဲပြားသော တိုင်းရင်းသားများ ငြိမ်းချမ်းသင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ရန် မဖြစ်မနေလိုအပ်သော အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု အတွက်ရည်ရွယ်၍ ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပါသည်။ ထိုသို့ပြင်ဆင်ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကာကွယ်တားဆီးရေးနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးတို့အတွက် မိမိတို့ အေအေပီပီ မှ အာရုံစိုက် ကြိုးစား လုပ်ဆောင်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက် စစ်အုပ်စုမှ ပြည်သူ့အာဏာကို လုယူခဲ့သည့် နောက်ပိုင်း စစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်ခဲ့သဖြင့် မြန်မာပြည်သူတို့သည် လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
အကြမ်းဖက်စစ်အုပ်စုသည် ဥပဒေများကို လက်လွတ်စပယ် ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်းတို့ကို ပြုလုပ်၍ ထိုဥပဒေများဖြင့် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခြင်း၊ ထောင်ချခြင်း ပြုလုပ်လျက်ရှိသည်။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ၊ အပြစ်မဲ့ ပြည်သူများအား အစုအလိုက် အပြုံလိုက် အကြောင်းမဲ့ နှိပ်စက် သတ်ဖြတ်ခြင်းဖြင့် လူမျိုးတုန်းစေမှုများ၊ အရပ်သားများကို ပစ်မှတ်ထားကာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများကို မြေပြင်မှလည်းကောင်း၊ လေကြောင်းမှလည်းကောင်း တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း ဖြင့်လည်းကောင်း၊ မူလနေရပ်များမှ အတင်းအဓမ္မ မောင်းထုတ်မှုများ အဆက်မပြတ်ပြုလုပ်လျက် ကြီးမားသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ကျူးလွန် လျက်ရှိသည်။ ထို့အပြင် စစ်ရှုံးနေသည့် စစ်အုပ်စုသည် ယခင် စစ်အာဏာရှင်လက်ထက်မှ ရေးဆွဲထားသော ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းချက်အား အသက်သွင်းပြီး လူငယ်၊ လူရွယ်များကို အတင်းအဓမ္မ ခေါ်ယူဖမ်းဆီး ကာ စစ်မြေပြင်များသို့လွှတ်၍ စစ်တိုက်ခိုင်းနေသည့်အတွက် လူငယ်မျိုးဆက်များသည် အနာဂတ်ပျောက်ဆုံးမှုနှင့် ရင်ဆိုင်ကြရသည်။
အကျိုးဆက်နေဖြင့် အပြစ်မဲ့ပြည်သူများ ထောင်ပေါင်းများစွာ သတ်ဖြတ်ခြင်းခံနေရပြီး သန်းနှင့်ချီသော ပြည်သူများသည် နေရပ် အိုးအိမ် ပစ္စည်းဥစ္စာများကို စွန့်လွှတ်၍ စစ်ဘေးရှောင်နေကြရကာ တောထဲတောင်ထဲတွင် အစာရေစာ ငတ်မွတ်မှုများနှင့် ရင်ဆိုင်နေကြရသည်။ စစ်မှုထမ်းဥပဒေကြောင့် အနာဂတ်လူငယ်များ အသက်ပေါင်း များစွာ သေကြေပျက်စီးလျက်ရှိသည်။
ဤ ၄ နှစ်တာကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၂၈၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့အချိန်တွင် နိုင်ငံရေးအကျဉ်းသား ၂၂၀၀၀ ကျော် ဖမ်းဆီးချုပ်နှောင် ထားဆဲ ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၀၁၉ ဦး မှာ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းမှုအောက် တွင် သေဆုံးခဲ့ရသည်။
ထိုအခြေအနေများအောက်တွင် အေအေပီပီ သည် နိုင်ငံရေးအကျဉ်းသားများ၏ အကျဉ်းထောင်တွင်း အခြေအနေ၊ ပြည်လည်လွတ်မြောက်လာပြီးသော နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ စိန်ခေါ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအခြေအနေများကို မှတ်တမ်းများ စနစ်တကျ ကောက်ယူပြုစု၍ မြန်မာပြည်သူများ နှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများအား စဉ်ဆက်မပြတ် တင်ပြ အစီရင်ခံလျှက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဖိအားပေးနိုင်ရန် လှုံ့ဆော် တိုက်တွန်းမှုများ တစိုက်မတ်မတ် တိုက်တွန်း ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုမှ တိုင်းရင်းသားပြည်သူများအပေါ် ကျူးလွန်လျက် ရှိသော လူမျိုးတုန်းစေမှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုများကို စနစ်တကျ မှတ်တမ်းပြုစု၍ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများထံသို့ အချိန်နှင့်တပြေးညီ တင်ပြလျက် ရှိသည်။
ပြန်လည်ကုစားရေးနှင့် ပြည်လည်ပြုစုပျိုးထောင်ရေးနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ရေး အစီအစဉ်ဖြင့် တဦးချင်းကောင်ဆယ်လင်းပေးခြင်း၊ စိတ်ဖိစီးမှုကို ထိန်းညှိနိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခြင်း၊ စိတ်လူမှုအထောက်အကူပြု ဝန်ဆောင်မှုများပေးခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာ မျှဝေခြင်း၊ သင်တန်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အသွင်ကူးပြောင်းရေးကာလတရားမျှတမှုနှင့်ပတ်သက်၍ အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲရေး အပါအဝင် နိုင်ငံတကာမှ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုအတွက် ဆောင်ရွက်မှုများ၊ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များအား စနစ်တကျလေ့လာ၍ အနာဂတ်ဖယ်ဒရယ်နိုင်ငံတော်အား အဆင်ပြေ ချောမွေ့စွာ ထူထောင်နိုင်ရေးအတွက် မဟာမိတ်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစုအဖွဲ့ကိုယ်စားပြုသူများ (Stakeholders) နှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အသိပညာမျှဝေခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ မိမိတို့ အေအေပီပီ အနေဖြင့် ၂၅ နှစ်တိုင်တိုင် ခိုင်ခိုင်မာမာ ရပ်တည်၍ အဖွဲ့၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖေါ်နိုင်ခြင်းမှာ အေအေပီပီတွင် တာဝန်ထမ်းဆောင်လျက်ရှိသူများ၊ တာဝန်ထမ်းဆောင်ခဲ့သူ တဦးချင်းစီ၏ စွမ်းဆောင်မှု၊ မဟာမိတ်အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလများ၏ ကိုယ်အားဖြင့်၊ နှုတ်အားဖြင့် ပံ့ပိုးကူညီပေးခဲ့မှုတို့ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် တဦးချင်းစီနှင့် အဖွဲ့အစည်းများအားလုံးကို အထူးကျေးဇူး တင် ရှိပါသည်။
အထူးသဖြင့် စတင်ထူထောင်ပြီးချိန်မှစ၍ အေအေပီပီ၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် စဉ်ဆက်မပြတ် ရံပုံငွေအကူအညီပေးလျက်ရှိသော နိုင်ငံတကာဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေအဖွဲ့ (National Endowment for Democracy) အပါအဝင် ပြည်တွင်း၊ ပြည်ပ အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတကာသံတမန်များ၊ တသီးပုဂ္ဂလ အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
အချုပ်အားဖြင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)သည် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးမှသည် စစ်အာဏာရှင်ကျဆုံးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ် မြှင့်တင်ရေး၊ တရားမျှတမှုဖော်ဆောင်ရေးတို့နှင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးတို့အတွက် ကျရာ အခန်းကဏ္ဍမှ ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ယနေ့ကျရောက် သည့် ၂၅ နှစ် မြောက်နေ့တွင် ထပ်လောင်း၍ သံဓိဋ္ဌာန်ပြုပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
၂၃ ရက်၊ မတ်လ၊ ၂၀၂၅ ခုနှစ်
ထုတ်ပြန်ချက်ဖိုင်ရယူရန် – 25th statement.bur