စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၄၀၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၈၆၁) ဦးရှိပြီး ထိုအထဲမှ (၂၂၀၇၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၆၄၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် လူနေအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိပြီး မတ်လ ၁၂ ရက်နေ့ တရက်တည်းမှာပင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာကိုလည်းကောင်း၊ မကွေးတိုင်း၊ စလင်းမြို့နယ်၊ နေပူခံကျေးရွာကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကြပ်တိန်ကျေးရွာကိုလည်းကောင်း မြေပြင်မှစီးနင်းပြီးမီးရှို့ဖျက်ဆီးခြင်းနှင့် လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၁၅၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။
ထို့ပြင် စစ်အုပ်စုက အရပ်သားပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ မတ်လ ၁၄ ရက်နေ့က မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ၂၇ ဦးသေဆုံးခဲ့သည်။ ထိုနေ့တွင်ပင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ဆူးဝင်းကျေးရွာနှင့် ဝယ်တောင်ကျေးရွာကို လေကြောင်းဖြင့် မီးလောင်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကိုရင်တပါးနှင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့သည်။ အလားတူ မတ်လ ၁၆ ရက်နေ့တွင်လည်း စစ်အုပ်စုက ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို ဗုံးကြဲခဲ့သောကြောင့် ဘုန်းတော်ကြီး၊ ကိုရင်များအပါအဝင် ပြည်သူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)