စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ်လ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ်လ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၈၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၇၇၉) ဦးရှိပြီး ထိုအထဲမှ (၂၂၀၀၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၅၆၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းတပတ်အတွင်း နိုင်ငံတဝန်းရှိ တိုင်းနှင့်ပြည်နယ်တချို့၌ အကြမ်းဖက်စစ်အုပ်စုက မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသောကြောင့် အရပ်သားများထိခိုက်သေဆုံးခြင်း၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်းများအပြင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ မတ်လ ၄ ရက်နေ့က မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ နတ်စောင့်ကျေးရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲခဲ့သောကြောင့် ပြည်သူ ၆ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့်အပြင် လူနေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ မတ်လ ၅ ရက်နေ့တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျောက်ကွင်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့သည်။
ထို့ပြင် မတ်လ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဦးဂင်းကျေးရွာကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့သည့်အပြင် ထိုနေ့တွင်ပင် ၎င်းပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကို ဗုံးကြဲခဲ့သောကြောင့် နေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ မတ်လ ၇ ရက်နေ့တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အောက်ခုံကျေးရွာကို စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့သောကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

