စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မတ်လ ၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မတ်လ ၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၈၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၇၆၇) ဦးရှိပြီး ထိုအထဲမှ (၂၁၉၉၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၅၃၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄) ဦးနှင့် အမျိုးသား (၁၁) ဦး စုစုပေါင်း (၁၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် မကွေးတိုင်းမှာ (၁၂) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်သည်။ အဆိုပါ (၁၅) ဦးတွင် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၉) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ကြပြီး (၅) ဦးမှာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ကြသည်။
မတ်လ ၂ ရက်နေ့တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေစွန်းတော်ကျေးရွာအတွင်းကို အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းကာ ဒေသခံတချို့ကို ဖမ်းဆီးခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် ကျေးရွာရှိနေအိမ်များအား မီးမရှို့ရန် တားဆီးသည့် ဒေသခံများအား စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မီးရှို့ခဲ့သည်။ သေဆုံးသူများမှာ ဦးဟန်တင်၊ ဦးဌေးမြင့်၊ ဦးသံမဏိ၊ ဦးလှငွေနှင့် ဦးသန်းပြည့်တို့ ဖြစ်ကြသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

