စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – မတ်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  မတ်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၆၆) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၇၂၄) ဦးရှိပြီး ထိုအထဲမှ (၂၁၉၆၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၄၈၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများသည် ထောင်ဝင်စာပါဆယ်ပစ္စည်းကန့်သတ်ခံရခြင်း၊ ဧည့်တွေ့ခွင့်ပိတ်ပင်ခံရခြင်းနှင့် လုံလောက်သည့်ဆေးဝါးကုသခွင့်များ မရရှိဘဲ ဖိနှိပ်ခံနေကြရသည်။ မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များမှ ပေးပို့သည့် ထောင်ဝင်စာပါဆယ်ပစ္စည်းများကို သတ်မှတ်နှုန်းအတိုင်း ပေးပို့ခွင့်မပြုတော့ဘဲ ပမာဏအနည်းငယ်သာ ထောင်တွင်းကန့်သတ်ချက်များဖြင့် သွင်းခွင့်ရသည့်အပြင် စာအုပ်စာပေများ ပို့ခွင့်ကိုလည်း ကန့်သတ်လာကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ အင်းစိန်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် အလုပ်သမားခေါင်းဆောင် သက်နှင်းအောင်၊ ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက်နှင့် နိုင်ဝင်းတို့က လူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ အကျဉ်းထောင်တွင်းသို့ ဝင်ရောက်စစ်ဆေးစဉ် အကျဉ်းသားများ၏ အခွင့်အရေးဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုကြောင့် ထောင်အာဏာပိုင်များက ထောင်တွင်းစစ်ကြောရေးကို ခေါ်ဆောင်ပြီး ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ပြီးနောက် တိုက်ပိတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဖေဖော်ဝါရီလအတွင်း စစ်အုပ်စုက ဖမ်းဆီးပြီးနောက် အကျဉ်းထောင်များနှင့် ရဲစခန်းများ၌ လုံလောက်သည့် ဆေးဝါးကုသခွင့် မရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသား (၃) ဦး သေဆုံးခဲ့သည်။ 

၎င်းအပြင် စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုနှုန်းမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိကာ အေအေပီပီ၏ အချက်အလက်များအရ ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း အမည်နှင့်တကွ အတည်ပြုနိုင်သည့် အရပ်သားသေဆုံးသူ (၂၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ အရပ်သားသေဆုံးသူ (၈) ဦးရှိခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)