စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၃၈) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၆၅၈) ဦးရှိပြီး ထိုအထဲမှ (၂၁၉၀၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၃၈၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အေအေပီပီ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းတပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်းရှိ တိုင်းနှင့်ပြည်နယ်တချို့၌ မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများကို လူသားဒိုင်းအနေဖြင့် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများနှင့် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်အုပ်စုမှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရေပုတ်ကလေးကျေးရွာသားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ဖမ်းဆီးထားသူများမှ ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ၎င်းတိုင်းအတွင်းရှိ မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို မြေပြင်မှစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ထွက်မပြေးနိုင်သည့် အသက် ၁၀၀ ကျော် အဘွားတဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ် ၄၈ လုံးခန့် မီးလောင်ပြာကျခဲ့သည်။ ထိုနေ့တွင်ပင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံ ၅ ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ၃၀ ဦးဝန်းကျင်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် စစ်အုပ်စုက လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ကျေးရွာများကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ လောက်ဖန်းကျေးရွာကိုလည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြသည်။ ၎င်းအပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မုန်ညှင်းကျေးရွာကို စက်တပ်လေထီးများဖြင့် ဗုံးကြဲခဲ့သောကြောင့် ကလေးတဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့သည်။ 

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် – https://coup.aappb.org/data-explorer

Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/ 

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)