အကြမ်းဖက်စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးမှုနှင့် သတ်ဖြတ်မှုဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ကောက်ယူစုဆောင်းမှု အခြေအနေ ဖေဖော်ဝါရီ (၁၁) ရက်၊ ၂၀၂၅

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) သည် ၂၀၀၀ ခုနှစ်မှ ယနေ့ထိ မြန်မာ နိုင်ငံအရေးကိစ္စများကို အဓိကကျသော အခန်းကဏ္ဍမှ လုပ်ကိုင်ဆောင်ရွက်နေသူများထံသို့ အချက်အလက် ပံ့ပိုး ပေးခဲ့ပြီး ၂၀၀၃ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံ၊ ၂၀၁၅ ကျောင်းသားလှုပ်ရှားမှုကဲ့သို့ ထင်ရှားသော အရေးအခင်းများအတွင်း ပါဝင်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ၏ သတင်းအချက်အလက်များနှင့် အခြားသော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုများနှင့် သက်ဆိုင် သော အချက်အလက်များ၏ သတင်းအရင်းအမြစ်ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ စစ်အာဏာလုမှုဖြစ်စဉ်နှင့်ဆက်စပ်သော ဖမ်းဆီးထိန်းသိမ်းခံရမှုများကို အေအေပီပီသည် စောင့်ကြည့်လေ့လာ မှတ်တမ်းတင်ခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုကို စစ်အုပ်စုကအင်အားသုံးဖြိုခွဲမှုများ ပြုလုပ် ခဲ့ချိန်တွင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်သားပြည်သူများ၏ သေဆုံးမှုများကိုပါ တိုးချဲ့မှတ်တမ်းတင်လာခဲ့သည်။
ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာလုမှု စတင်ချိန်မှ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံရေးအရ တရားလက်လွတ်ဖမ်းဆီးခံခဲ့ရသူ ဖေဖော်ဝါရီ (၁၀) ရက်၊ ၂၀၂၅ ခုနှစ်အထိ စုစုပေါင်း (၂၈၅၃၉) ဦးရှိခဲ့ပြီး အဆိုပါ အရေအတွက်ထဲမှ (၂၁၈၀၃) ဦးမှာ လက်ရှိ အချိန်ထိ အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်းများ၊ ရဲစခန်းများနှင့် အချုပ်ခန်းများတွင် ချုပ်နှောင်ခံနေရဆဲ ဖြစ်သည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ သတ်ဖြတ်မှုခံခဲ့ရသူ စုစုပေါင်း (၆၂၆၈) ဦးရှိသည်။ အဆိုပါ ကိန်းဂဏန်းအရေအတွက်မှာ အေအေပီပီမှ လက်လှမ်းမှီသမျှ ကောက်ယူစုဆောင်းထားခြင်းဖြစ်ပြီး မြေပြင်တွင် ထိုအရေအတွက်ထက်ပိုမိုများပြားနိုင်သည်။
မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတကာဥပဒေများကို ကျော်လွန်လုပ်ဆောင်သော ရာဇဝတ်မှုများ မှာ နေ့စဉ်နှင့်အမျှ အဆမတန်ဖြစ်ပွားလျက်ရှိသည်။ သို့ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်း၊ စစ်အုပ်စု၏ အတင်းအဓမ္မစစ်သားစုဆောင်းခြင်း၊ နာရီအနည်းငယ်မျှသာ လျှပ်စစ်မီးအသုံးပြုနိုင်ခြင်း၊ မြို့နယ် တော်တော်များများတွင် အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ထားခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာအချို့ အသုံး ပြုခွင့်ပိတ်ပင်ခံထားရခြင်း၊ စစ်အုပ်စုထိန်းချုပ်ထားသည့် မိုဘိုင်းအော်ပရေတာများ၏ ဆက်သွယ်ရေး ဝန်ဆောင် မှုကိုသာ ရရှိနေခြင်း၊ စစ်အုပ်စု၏သတင်းထိန်ချန်ခြင်းနှင့် ကာယကံရှင်များ၊ မိသားစုဝင်ကိုပင် တရားလက်လွတ်ဖမ်းဆီးမှုအခြေအနေများနှင့်ပတ်သက်၍ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်အပါအဝင် ထောင်တွင်းထိန်းသိမ်းထားစဉ် ထပ်တိုးပုဒ်မများစွဲဆိုခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းကိစ္စရပ်များ၌ တိကျစွာသတင်းမျှဝေမှု မပြုလုပ်ခြင်းများကြောင့် သတင်းအချက်အလက်ရရှိမှုမှာ အကန့်အသတ်များစွာ ရှိနေသည်။
အေအေပီပီအနေဖြင့် အချက်အလက်ကောက်ယူစုဆောင်းမှုနှင့်ပတ်သက်၍ အကြီးမားဆုံးရင်ဆိုင်ရသည့် စိန်ခေါ် မှုမှာ အချက်အလက်အတည်ပြုမှုဆိုင်ရာ ကိစ္စရပ်ဖြစ်သည်။ အေအေပီပီ၏ အချက်အလက်ကောက်ယူ စုဆောင်းမှုနည်းနာမှာ လူပုဂ္ဂိုလ်တဦးချင်းစီကို အမည်နှင့်တကွ အတည်ပြုမှတ်တမ်းတင်ခြင်းဖြစ်ရာ အေအေပီပီ၏ အချက်အလက်ဒေတာဘေ့စ်တွင်း ထည့်သွင်းထားသည့် လူပုဂ္ဂိုလ်တဦးချင်းစီ၏ ဖြစ်စဉ်အလိုက် အခြေအနေ အသေးစိတ်မှာ အချိန်နှင့်တပြေးညီ တင်ဆက်ဖော်ပြရန် အထက်ပါအကန့်အသတ်များကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်သည့် သပိတ်များကို အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ကျေးရွာအချို့သို့ စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ချိန် ဒေသခံများ အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရမှုများမှာလည်း နာမည်နှင့်တကွ အချက်အလက်ရရှိမှုမှာ ခက်ခဲနေသည်။ အလားတူပင် သေဆုံးစာရင်း၌လည်း အချက်အလက်အတည်ပြုရန် လိုအပ်နေဆဲဖြစ်သည့် လူဦးရေစာရင်း (၃၀၀၀) ကျော်ကို သီးခြားကောက်ယူစုဆောင်း၍ အတည်ပြုရန် ဆောင်ရွက်လျက်ရှိသည်။
စစ်တပ်အာဏာလုမှုစတင်ချိန်မှာ ဇန်နဝါရီ (၄) ရက်၊ ၂၀၂၅ ခုနှစ်အထိ စစ်အုပ်စု၏ အစုလိုက် အကျဉ်းထောင် လွှတ်ပေးမှု အကြိမ်အရေအတွက် (၁၆) ကြိမ်ရှိခဲ့ပြီး အဆိုပါ (၁၆) ကြိမ်တွင် အရေအတွက်အားဖြင့် နိုင်ငံရေး အကျဉ်းသားလွတ်မြောက်မှု လူဦးရေ (၆၅၀၀) ဝန်းကျင်ပါဝင်ခဲ့သည်ကို မှတ်တမ်းရယူနိုင်ခဲ့သည်။ သို့ရာတွင် ထိုအရေအတွက်ထဲမှ (၃၂၀၀) ဝန်းကျင်ကိုသာ အမည်နှင့်တကွ အချက်အလက်အတည်ပြုထားနိုင်သည့်အတွက် ဒေတာဘေ့စ်၏ အလွတ်စာရင်းတွင် ဖော်ပြထားနိုင်ပြီး ကျန်အမည်စာရင်းများမှာ ဆက်လက်အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။
အေအေပီပီအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ အမည်အပါအဝင်၊ အခြားကိုယ်ရေးအချက်အလက်၊ အခြေအနေနှင့် ဖြစ်စဉ်တလျှောက် ရင်ဆိုင်နေရသည့်ဖြစ်ပွားမှုများကို စဉ်ဆက်မပြတ်ကောက်ယူစုဆောင်းပြီး သတ်မှတ်ထားသော အတည်ပြုမှုလုပ်ငန်းစဉ်နှင့်အညီ ဆက်လက်စုဆောင်းကာ ဖြည့်စွက်၍ ထုတ်ပြန်မှုများ ကြိုးစားပြုလုပ်လျက်ရှိသည်။ ထို့အတူ တိကျခိုင်မာသည့် အထောက်အထား အချက်အလက်များ ရရှိစေရန် အဆင့်မြင့် နည်းပညာများအား လေ့လာအသုံးပြု၍ ကောက်ယူသိမ်းဆည်းလျက်ရှိပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
မူရင်းထုတ်ပြန်ချက်ရယူရန် – AAPP Documentation on Junta’s arrest and kill_Burmese (11-Feb-2025)