စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၄၄) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၄၅၉) ဦးရှိပြီး ထိုအထဲမှ (၂၁၇၃၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၂၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ စောင့်ကြည့်လေ့လာမှုအရ ယခင်သီတင်းပတ်အတွင်း၌ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်မှုများကြောင့် ဘုန်းကြီးကျောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်းနှင့် စာသင်ကျောင်း များ ထိခိုက်ပျက်စီးခဲ့ရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ တင်သားကျေးရွာ ကျေးလက်ဆေးပေးခန်းနှင့် ကုက္ကိုကျေးရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၌ စစ်အုပ်စုက အရေးပေါ်ကာလ ၆ လ သက်တမ်း ထပ်မံတိုးခဲ့ပြီး နောက်တရက် စစ်တပ်အာဏာလုမှု ၄ နှစ်ပြည့်သည့်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့သလို၊ မနက် ၇ နာရီခန့်အချိန်က မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ အိမ်ခြေ ၄၀၀ နီးပါးရှိသော မဒဲကျေးရွာသို့ ဝင်ရောက်၍ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် အဆိုပါ ညနေ ၅ နာရီဝန်းကျင်ခန့်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ လွှဲတဲကျေးရွာနားအနီးရှိ ဘုန်းကြီးကျောင်းအတွင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးတပါး ပျံလွန်တော်မူခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)