ရှင်သန်ရေးတိုက်ပွဲ။ (အဖြစ်ဆိုးကြီးများမှ လွတ်မြောက်ပြီးနောက် ဒုက္ခအခက်အခဲများနှင့်အတူ ကြံ့ကြံ့ခံရင်ဆိုင်ခြင်း)

သတင်းထုတ်ပြန်ချက်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းနှင့် ဒိန်းမတ်နိုင်ငံတွင် အခြေစိုက်သော DIGNITY အဖွဲ့တို့ ပူးပေါင်း၍ ပကတိမြေပြင် အချက်အလက်များအပေါ် အခြေခံပြီး ရေးသားထားသော မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာကို ထုတ်ပြန်ခြင်း
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း နှင့် DIGNITY တို့ပူးပေါင်းပြီး အဖြစ်မှန် အမှန်တရားများကို တိကျစွာဖော်ထုတ်ရေးသားထားသည့် “ရှင်သန်ရေးတိုက်ပွဲ” – အဖြစ်ဆိုးကြီးများမှ လွတ်မြောက်ပြီးနောက် ဒုက္ခအခက်အခဲများနှင့်အတူ ကြံ့ကြံ့ခံရင်ဆိုင်ခြင်း – အစီရင်ခံစာကို ယနေ့ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာသည် မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ရင်ဆိုင်ခံစားနေရသော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့်အတူ အခြားတွေ့ကြုံနေရသော စိန်ခေါ်မှုများစွာကို ဖေါ်ထုတ် တင်ပြထားပါသည်။ အဓိကအားဖြင့် စစ်အာဏာရှင်၏ လက်အောက်တွင် တရားလက်လွတ် ဖမ်းဆီးခံရမှု၊ ရက်စက်ကြမ်းကြုပ်စွာ ညှဉ်းပန်းနှိပ်စက်ခံရမှု၊ ဥပဒေမဲ့ ပြစ်ဒဏ်ပေးခြင်းခံရမှုများအပြင် လွတ်မြောက်လာပြီးနောက်ပိုင်း တွင်လည်း ဆက်လက်ဖိနှိပ်ချုပ်ချယ်ခံရမှုများကို အချက်အလက်များစွာဖြင့် သုတေသနပြု ရေးသား ထားပါသည်။
၂၀၂၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ထုတ်ဝေခဲ့သည့် “မင်းမဲ့စရိုက်” အစီရင်ခံစာ၏ တွေ့ရှိချက်များအပေါ်အခြေခံ၍ ယခုအစီရင်ခံစာတွင် နိုင်ငံရေး အကျဉ်းသားဟောင်း (၃၀) ဦးကို ဖမ်းဆီးခံရသည်မှစ၍ အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက်ပိုင်းအထိ စဉ်ဆက်မပြတ်ကြုံတွေ့ခဲ့ရသော အခြေအနေများကို လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှတဆင့် အသေးစိတ် မေးမြန်းခြင်းတို့ ပြုလုပ်ပြီး လေ့လာသုံးသပ်၍ ရေးသားထားသော အစီရင်ခံစာတခု ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက်တွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရမှုများ၊ စီးပွားရေး၊ ကျန်းမာရေးပြဿနာများနှင့်အတူ အချိန်ပြည့်စောင့်ကြည့်ခံရခြင်းတို့ကြောင့် အတည်တကျ နေထိုင်နိုင်ရန် အခက်အခဲများစွာကို ရင်ဆိုင်တွေ့ကြုံနေရသည့် အခြေအနေကို လေ့လာသုံးသပ်ချက်များအရ တွေ့ရှိခဲ့ရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်မှ နိုင်ငံတကာမှ အမြန်ဆုံး ဝင်ရောက်ဖြေရှင်းပေးရန်အတွက် အောက်ပါအတိုင်း ပြောကြားလိုက်သည်။
“မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းကျနေစဉ်နဲ့ အကျဉ်းကျပြီးနောက်မှာ ကြုံတွေ့ခဲ့ရသော ထိခိုက်နစ်နာခံစားခဲ့ရသည့် ဝေဒနာတွေကို ကြံ့ကြံ့ခံရင်ဆိုင် နေကြပါတယ်။ သူတို့ရဲ့ခံနိုင်စွမ်းအားဟာ သာမန်လူတွေထက် များစွာသာလွန်ပါတယ်။ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖွင့်ပြောပြီး မည်သူကိုမျှ အကူအညီမတောင်းဘဲ ကိုယ့်အားကိုယ်ကိုးပြီးသာ ရုန်းကန်ကြိုးပမ်းရင်း တိတ်တဆိတ် နေနေကြတယ်။ ဒီအစီရင်ခံစာက သူတို့ရဲ့အသံတွေကို ကမ္ဘာကြီးကကြားသိသွားအောင် ဖွင့်ချဖော်ထုတ်ပေးလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ရဲ့ အတိုင်းအဆမဲ့ ကျူးလွန်နေတဲ့ ရက်စက်ကြုမ်းကြုပ်မှုတွေကို အဆုံးသတ်ဖို့နဲ့ ရှင်ကျန်ရစ်သူတွေကို ကူညီပံ့ပိုးပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပါဝင်ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းတောင်းဆိုပါတယ်။”
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး လေးနှစ်နီးပါးအကြာတွင် နိုင်ငံရေးအကျဉ်းသား ၂၈,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် မတရားအကျဉ်းချခဲ့မှုများကို အသေးစိတ် တိကျသော အချက်အလက်များဖြင့် ဤအစီရင်ခံစာတွင် ဖော်ထုတ်ရေးသားထားပါသည်။ နိုင်ငံရေး အကျဉ်းသားများသည် လွတ်မြောက်ပြီးသည့်တိုင်အောင် လူမှုရေး၊ စီးပွားရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ဆက်လက်ခံစားနေရပြီး နောက်တဖန် ပြန်လည်ဖမ်းဆီးခံရနိုင်သည်ဆိုသည့် ခြိမ်းခြောက်မှု များနှင့်ပါ ထပ်မံကြုံတွေ့နေရပါသည်။
DIGNITY အဖွဲ့၏ CEO, Rasmus Grue Christensen ကတော့ ယခုအစီရင်ခံစာအရ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်ပါ တာဝန်ရှိနေကြောင်းကို ယခုလို ထောက်ပြထားပါသည်။
“ဒါဟာ မြန်မာကိစ္စ တခုတည်းမဟုတ်တော့ဘူး။ လူ့အခွင့်အရေး ပြဿနာပါ။ ကျူးလွန်သူတွေကို တာဝန်ခံ ခိုင်းရမဲ့ကိစ္စနဲ့ ရှင်သန်ကျန်နေသူတွေကိုသိသာထင်ရှားတဲ့ အကူအညီတွေပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက မဖြစ်မနေလုပ်ဆောင်ရမဲ့ကိစ္စပါ။ သူတို့အတွက် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးကုသပေးမှုနဲ့ စားဝတ်နေရေးအတွက် လိုအပ်နေတဲ့အရာတွေကို ထောက်ပံ့ကူညီဖို့ အရေးတကြီး လိုအပ်နေပါတယ်။”
ဤအစီရင်ခံစာတွင် အောက်ပါ အကြောင်းအရာများကို အဓိက တိုက်တွန်းထားပါသည်။
- နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရန်။
- နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လွတ်မြောက်လာပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံရေး ကိစ္စရပ်များတွင် လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ရန်အတွက် စစ်အုပ်စုအား ဖိအားပေးရန်။
- နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အသွင်ကူးပြောင်းရေးကာလတွင် တာဝန်ခံမှု လုပ်ငန်းစဉ်အား ဆောင်ရွက်နိုင်ရန် လူ့အခွင့်အရေးချိုးဖေါက်မှု ကျူးလွန်ခဲ့မှုများကို သက်သေ အထောက်အထားများ စုဆောင်းထားပေးရန်။
“ရှင်သန်ရေးတိုက်ပွဲ” ဟု အမည်ပေးထားသော ဤအစီရင်ခံစာသည် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ ခေါင်းဆောင်များအား တရားမျှတမှုကို ဦးစားပေးဆောင်ရွက်ပေးရန်နှင့် လွတ်လပ်ခြင်းအတွက် တိုက်ပွဲဝင်သူများ၏ တိုးတိတ်နေသောအသံကို ကျယ်လောင်စွာ ထွက်ပေါ်လာအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းလိုက်သည့် အစီရင်ခံစာ တခုဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
အသေးစိတ်ထပ်မံသိရှိလိုပါက
AAPP: info@aappb.org
DIGNITY: presse@dignity.dk တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အစီရင်ခံစာအပြည့်အစုံ။ after imprisonment.bur