စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၉၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၂၈၄) ဦးရှိပြီး ထိုအထဲမှ (၂၁၅၆၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၀၄၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အစရှိသည့် တိုင်းနှင့်ပြည်နယ်တချို့ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့က ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား ၁၀ ဦးကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ဇန်နဝါရီလ ၁၈ ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျောင်းကုန်းကျေးရွာနှင့် သံပုရာခြံကျေးရွာတို့ကို စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
၎င်းအပြင် အကြမ်းဖက်စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိကျေးရွာတွင်လည်း စစ်အုပ်စုက ဇန်နဝါရီလ ၁၇ ရက်နေ့ကတည်းက ၎င်းကျေးရွာကို လေကြောင်းဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့သောကြောင့် အိမ်ခြေ ၂၀၀ ကျော်သည့် ဘောမိကျေးရွာ တရွာလုံးနီးပါး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်အုပ်စုက သာလွန်အင်အားကို အသုံးပြုပြီး နိုင်ငံတဝန်းရှိ နေရာအနှံ့အပြားကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၂၀၂၅ ခုနှစ်အတွင်း အေအေပီပီက အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည့် အရပ်သားသေဆုံးသူ (၆၅) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ သေဆုံးသူ (၅၈) ဦး ရှိခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)