စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၁၆၀) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၂၀၂) ဦးရှိပြီး ထိုအထဲမှ (၂၁၄၉၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၆၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများသည် အခြေခံလိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ ဆေးဝါးကုသခွင့်စသည့် အကျဉ်းသားအခွင့်အရေးများ အပြည့်အဝမရရှိကြဘဲ အကျဉ်းထောင်များ၌ ဆင်းရဲကျပ်တည်းစွာ ချုပ်နှောင်ခံနေကြရသည်။ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးသည် ဆီးကျောက်ရောဂါကို ပြင်းထန်စွာခံစားနေခဲ့ရပြီး အကျဉ်းထောင်တွင်း၌ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တောင်းခံခဲ့သော်လည်း မရရှိဘဲ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှသာ ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ သို့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ထိုရောဂါဖြင့် သေဆုံးခဲ့သည်။
ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့်သီတင်းတပတ်အတွင်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ နေရာအနှံ့အပြား လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီလ ၁၁ ရက်နေ့က ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ စံလွန်ကျေးရွာကို လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၄၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်။ အလားတူ ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မဆွပ်ယန်နှင့် ဆန်ခါကျေးရွာတို့ကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

