သံတိုင်နောက်မှ ဘဝများ
ဇန်နဝါရီလ (၁) ရက်၊ ၂၀၂၅
အကြမ်းဖက်စစ်အုပ်စုသည် တိုင်းပြည်အာဏာရယူရန် ကြိုးပမ်းရာတွင် ၃ နှစ်ကျော် ၄ နှစ် ပြည့်တော့မည့် ကာလသို့ ရောက်ရှိလာသော်လည်း ၎င်းတို့၏ အာဏာလုယူမှုမှာ အောင်မြင်ခြင်းမရှိဘဲ နယ်မြေအများအပြားကိုပါ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ လက်လွှတ်လိုက်ရပြီးနောက် နိုင်ငံရေးအရ ၎င်းတို့ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများ အပေါ်တွင် ပိုမို၍ ရမ်းကားရက်စက်လာသည်။ နေရာဒေသအသီးသီးတွင် ရာဇဝတ်မှုများကို ဆိုးဆိုးရွားရွားကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုသည် အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများတွင်လည်း ရက်စက်ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ ကျင့်သုံးလျက်ရှိနေသည်။
နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏ လက်အောက်ခံ ရဲစခန်းများ၊ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ၌ ချုပ်နှောင်ကာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို နည်းလမ်းမျိုးစုံအသုံးပြု၍ ဆောင်ရွက်နေသည်။ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများမှာ အဖက်ဖက်မှ ဖိစီးနှိပ်စက်မှုများကို စတင်ဖမ်းဆီးခံရသည့်အချိန်မှစ၍ အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာ ပြီးနောက် လူမှုအသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန် ကြိုးစားရာတွင်ပင် စိန်ခေါ်မှုများ၊ အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။
ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ တရားဝင်မှုကို မည်သည့်နည်းနှင့်မျှမပေးဘဲ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးပြန်လည် လွှတ်ပေးရေးနှင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်စွာ ဖိအားပေးရေး၊ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်ခြင်းများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးကို ဝိုင်းဝန်းကြိုးပမ်း ကူညီပံ့ပိုးပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ တိုက်တွန်းလိုက်ပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/