စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၁၅) ဦးရှိပြီး ထိုအထဲမှ (၂၁၁၅၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၃၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အရပ်သားပြည်သူများအပေါ် နည်းလမ်းမျိုးစုံဖြင့် ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို ဒုတိယအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခရစ်ယာန်ဘာသာရေးအဆောက်အဦနှင့် လူနေအိမ် ၁၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှုလည်း ရှိခဲ့သည်။ ပြီးခဲ့သည့်သီတင်းတပတ်အတွင်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းတပ်ဖွဲ့များက စီးနင်းဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၅၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့ပြင် စစ်အုပ်စုက အရပ်သားပြည်သူများအား နေ့စဉ်နီးပါး ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိပြီး မုံရွာမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ဖယ်ခုံမြို့နယ်အစရှိသော ဒေသများတွင် အစုလိုက်ဖမ်းဆီးခြင်းများလုပ်ဆောင်နေသည်။
အများပြည်သူ မြင်တွေ့သိရှိနိုင်သည့် နေရာဒေသများတွင် ထိုကဲ့သို့ နိုင်ငံတကာရာဇဝတ်မှုများကို ဆိုးဆိုးရွားရွားကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုသည် အများပြည်သူအလွယ်တကူ မြင်တွေ့သိရှိနိုင်ခွင့် မရှိသော အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများတွင်လည်း ရက်စက်ပြင်းထန်သည့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို စနစ်တကျကျင့်သုံးလျက်ရှိနေသည်။ အကျဉ်းထောင်နံရံများတွင် ပိတ်လှောင်ခံနေရသည့် အသက်ရွယ်ကြီးရင့်နေပြီဖြစ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ မည်သည့်နေရာတွင် ချုပ်နှောင်ခံထားရသည်၊ မည်သို့သော ကျန်းမာရေးအခြေအနေများ ခံစားနေရသည်ကို အများပြည်သူ မဆိုထားနှင့် သူ၏မိသားစုဝင်နှင့်ရှေ့နေများပင် မသိရှိရဘဲ သတင်းထိန်ချန်ခံနေရခြင်းသည် အကျဉ်းထောင် ဥပဒေပါပြဌာန်းချက်များကို ကျော်လွန်လုပ်ဆောင်နေခြင်းဖြစ်သလို နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ အသက်အန္တရာယ်အတွက်ပါ စိုးရိမ်စရာအခြေအနေကို ရည်ရွယ်ချက်ရှိရှိဖန်တီးထားခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

