စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၀၂) ဦးရှိပြီး ထိုအထဲမှ (၂၁၁၄၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၃၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အကျဉ်းထောင်များ၌ သေဆုံးသူ အမျိုးသမီး (၈) ဦးနှင့် အမျိုးသား (၁၀၀) ဦး၊ စုစုပေါင်း (၁၀၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ 

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဦးစိန်လင်း (ခ) အငယ်လေးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ  ၅၂ (က)၊ ၅၁ (ဂ) ဖြင့်ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ၎င်းသည် အကျဉ်းထောင်တွင်း ချုပ်နှောင်ခံထားရစဉ် လုံလောက်သော ဆေးဝါးကုသမှုမရခဲ့သဖြင့် အသည်းရောဂါဖြင့် သွေးအန်သည်အထိခံစားခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန်တွင် အိုးဘို(မန္တလေး)အကျဉ်းထောင်မှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်အချိန်တွင် သေဆုံးခဲ့သည်။ ဦးစိန်လင်း (ခ) အငယ်လေးသည် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၂၀နှစ်နှင့် ၁၉၉၈ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုကာလတွင်လည်း ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ၂၀၂၀ ခုနှစ်  အထွေထွေရွေးကောက်ပွဲ၌  ပြည်သူ့ပါတီကို ကိုယ်စားပြု၍ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ် မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း တဦးဖြစ်သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)