စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၁၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၃၁) ဦးရှိပြီး ထိုအထဲမှ (၂၁၀၈၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၈၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ စစ်ရေးပဋိပက္ခအတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် အကြမ်းဖက်စစ်အုပ်စု၏ နည်းလမ်းမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားနေကြရသည့်အပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုလည်း ရင်ဆိုင်နေကြရသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကတည်းက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မဘုန်းကြီးကျောင်း၌ ဖမ်းဆီး ပိတ်လှောင်ခြင်းခံခဲ့ကြရသည့် အမျိုးသမီးတချို့ကို စစ်သားများက အဓမ္မပြုကျင့်ခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသူများ၏အဆိုအရ သိရှိရသည်။ ၎င်းပြင် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် အသက် ၅၆ အရွယ်အမျိုးသမီး တဦးကို စစ်သားများက အဓမ္မပြုကျင့်ခဲ့ကြသည်။
ထို့ပြင် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူမြို့နယ်ကို အောက်တိုဘာလနောက်ဆုံးအပတ်တွင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် နေအိမ်အဆောက်အဦများနှင့် ဘာသာရေးအဆောက်အဦများကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အရပ်သားပြည်သူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

