စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၈၅၁) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၆၃) ဦးရှိပြီး ထိုအထဲမှ (၂၁၀၂၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၇၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ လူအခွင့်အရေးချိုးဖောက်မှုများကို အစဉ်တစိုက်ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်အုပ်စုက တိုင်းနှင့်ပြည်နယ် တချို့ရှိ ကျေးရွာများကို စီးနင်းဝင်ရောက်ပြီး အရပ်သားပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ အောက်တိုဘာလ ၁၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ စီပါကျေးရွာကို စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး စိတ်ကျန်းမာရေးချို့တဲ့သူများအပါအဝင် ပြည်သူ ၆ ဦး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား ရက်ရက်စက်စက် အပိုင်းပိုင်းဖြတ်တောက်ကာ သတ်ဖြတ်ခဲ့သည်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း စစ်အုပ်စုမှ ဝင်ရောက်တပ်စွဲကာ ဒေသခံများကို ဖမ်းဆီးစစ်ဆေးခဲ့မှုများကြောင့် ပြည်သူများမှာ တော၊ တောင်ထဲအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် နာမကျန်းမှုများ ပိုမိုများပြားလာကြောင်း သိရှိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း ချင်းတွင်းမြစ်ကမ်းနံဘေးရှိ မြို့နယ်များကို စစ်အုပ်စုက ကုန်သွယ်မှုနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့တားမြစ်ထားသောကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်တောက်ကာ ဆိုးဝါးသည့် ကျန်းမာရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေကြရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

