စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာလ ၃ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာလ ၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၇၃၂) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၀၇) ဦးရှိပြီး ထိုအထဲမှ (၂၁၀၁၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၇၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် အမျိုးသမီး (၂၀) ဦးနှင့် အမျိုးသား (၁၈) ဦး စုစုပေါင်း (၃၈) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ (၃၈) ဦး အနက် ရှမ်းပြည်နယ်မှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး၊ သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၂၉) ဦးမှာ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့သည်။ ထို့ပြင် စစ်အုပ်စုက ဖော်ပြပါကာလအတွင်း အဆိုပါကဏ္ဍမှ အမျိုးသမီး (၉) ဦးနှင့် အမျိုးသား (၅) ဦး စုစုပေါင်း (၁၄) ဦးကို နွေဦးတော်လှန်ရေး နှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့ပြီး တနင်္သာရီတိုင်းမှာ (၅) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရသည်။
စက်တင်ဘာလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်း၌ ဖွင့်လှစ်ထားသည့် ချယ်ရီမြေ ဖက်ဒရယ်ပညာရေးစင်တာအား အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံးကို တပြိုင်တည်း ကြဲချခဲ့သည့်အတွက် ထိုကျောင်းတွင် ပညာသင်ယူနေကြသည့် ကျောင်းသူ၊ ကျောင်းသားများဖြစ်သော မောင်ကျော်ရဲလင်း၊ မသက်သက်မိုး၊ မတင်ရီ၊ မအုန်းရီ၊ မဝေဝေအောင်နှင့် မောင်ဖရန်စစ္စကိုတို့သည် ဗုံးစထိမှန်ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ကြသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
