စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၇၁၂) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၄၈၅) ဦးရှိပြီး ထိုအထဲမှ (၂၀၉၉၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၆၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုက လက်နက်ကိုင်တော်လှန်နေသည့် တိုင်းရင်းသားတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များအား လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့ကိုယ်တိုင်ကမူ နိုင်ငံတဝန်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ထိုနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ကိုလည်းကောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ကိုလည်းကောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူဦးရေ (၂၀) ကျော် ထိခိုက်သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူများစွာရှိခဲ့သည်။

ထို့ပြင် စစ်အုပ်စု၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် ယခု စက်တင်ဘာလအတွင်း၌ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင်လည်းကောင်း မိသားစု (၃) စုထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)