စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၆၉၄) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၄၄၃) ဦးရှိပြီး ထိုအထဲမှ (၂၀၉၅၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၅၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၆၅) ဦး၊ အမျိုးသား (၄၁၃) ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး စုစုပေါင်း (၅၇၉) ဦးကို နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ ဖမ်းဆီးခဲ့သည်။ ထိုအရေအတွက်တွင် နွေဦးတော်လှန်ရေးကာလတွင်းဖမ်းဆီးခံရပြီး လွတ်မြောက်လာပြီးမှ ထပ်မံ၍ နောက်ထပ် နှစ်ကြိမ် ပြန်လည်ဖမ်းဆီးခံရသူ (၁) ဦးနှင့် တကြိမ် ပြန်လည်ဖမ်းဆီးခံရသူ (၄) ဦး စုစုပေါင်း (၅) ဦး ပါဝင်သည်။
ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားဟောင်းများအင်အားစု၏ (တကသ) တွဲဘက်တည်ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ဇော်လင်းထွဋ် (ခ) ဖိုးသားအား အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ ဇော်လင်းထွဋ် (ခ) ဖိုးသား သည် ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဆန္ဒပြပွဲတခုကိုသွားရာ လမ်းမှာအဖမ်းခံခဲ့ရပြီး ၂၀၂၂ မတ်လ ၃၁ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်ခံခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဒုတိယအကြိမ်အဖမ်းခံရခြင်းဖြစ်သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)