စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – စက်တင်ဘာလ ၃ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာလ ၃ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၅၉၉) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၃၀၄) ဦးရှိပြီး ထိုအထဲမှ (၂၀၈၃၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၇၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ အမျိုးသမီး (၃၂) ဦးနှင့် အမျိုးသား (၁၉၂) ဦး စုစုပေါင်း (၂၂၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်၌ ပညာရေးကဏ္ဍမှ (၁) ဦးနှင့် ဘာသာရေးကဏ္ဍမှ (၄) ဦး ပါဝင်သည်။ အဆိုပါ (၂၂၄) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၇၅) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်သည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာမှ ချောင်းဦးမြို့သို့ ဆေးခန်းလာပြသူ CDM ကျောင်းဆရာမဖြစ်သည့် ကိုယ်ဝန်လွယ်ထားသူ မဇာခြည်ဦးအား ချောင်းဦးမြို့မရဲစခန်းအတွင်းမှ ထွက်လာသော အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများက မြို့မဈေးအရှေ့ဘက်အနီး၌ ၎င်းကို ဒူးထောက်ခိုင်းကာ ဦးခေါင်းနောက်စေ့မှ သေနတ်ဖြင့် တေ့ပစ်ခဲ့သဖြင့် မျက်လုံးတဖက်နှင့် နားရွက်တဖက်တို့ ပေါက်ထွက်ခဲ့ပြီး ချောင်းဦးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

