နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ

စက်တင်ဘာ (၁) ရက်၊ ၂၀၂၄

ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတိုင်းတွင် ကျရာနေရာမှ နောက်မဆုတ်စတမ်း ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ကြသည့် အမျိုးသမီးများ၏ ရဲစွမ်းသတ္တိနှင့် အားမာန်ကို ယခု နွေဦးတော်လှန်ရေးတွင်လည်း အထင်းသားမြင်တွေ့နေကြရသည်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားလုယူချိန်မှစ၍ နိုင်ငံတဝန်း အမျိုးသမီးများသည်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်မှု ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ရသော်လည်း နွေဦးတော်လှန်ရေး၌ အမှန်တရားအတွက် အမျိုးသမီးထု၏ ရဲရင့်မှုနှင့် မဆုတ်မနစ်ကြိုးပမ်းမှုများမှာ ချီးကျူးဂုဏ်ပြုဖွယ်ရာ၊ လေးစားဖွယ်ရာ၊ အသိအမှတ်ပြုဖွယ်ရာဖြစ်သည်။

အေအေပီပီမှ လက်လှမ်းမှီသမျှ ကောက်ယူထားသော အချက်အလက်များအရ ၂၀၂၁ အာဏာသိမ်းချိန်မှ ဩဂုတ်လ ၃၁ ၊ ၂၀၂၄ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး (၅၆၄၉) နှင့် သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး စုစုပေါင်း (၁၁၃၂) ဦးကို အမည်နှင့်တကွ မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ အဆိုပါ အရေအတွက်များမှာ ရာခိုင်နှုန်းအားဖြင့် အဖမ်းတွင် (၂၀.၇) ရာခိုင်နှုန်းနှင့် သေဆုံးတွင် (၂၀) ရာခိုင်နှုန်းဟု ဆိုနိုင်သည်။ ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)