အေအေပီပီမှ မေလအတွင်း နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်
လက်ရှိအခြေအနေ အကျဉ်းချုပ်
မေလကုန်မှ အစပြုပြီး နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၃ ဦး မြန်မာနိုင်ငံတွင် ဖမ်းဆီးခံနေရပြီး နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၄၂ ဦး လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရပါသည်။
တစ်လအတွင်း သုံးသပ်ချက်
ယခုလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၉ ဦး တရားစွဲဆိုခံရပြီး၊ ထို ၄၉ ဦးထဲမှ ၄၁ ဦးတို့သည့် အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံနေရကာ တရားရင်ဆိုင်နေပါသည်။ တက်ကြွလှုပ်ရှားသူ ၁၆ ဦး ထောင်ဒဏ်များ ချမှတ်ခံရကာ နိုင်ငံရေးအကျဉ်းသား ၂ ဦး အကျဉ်းထောင်များမှ ပြန် လည် လွတ်မြောက်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသား ကိုစိုင်းတင်မင်းထွန်း၊ ကိုဇော်သက်အောင်၊ ကိုရာဇာဦးနှင့် ကိုနေမျိုးဇင်တို့ လေးဦးသည် အကျဉ်းထောင်များအတွင်း ကျန်းမာရေး မကောင်းကြောင်း သိရှိရ ပါသည်။
ယခုလတွင် တစ်ကိုယ်တော်ဆန္ဒပြမှုကြောင့် တက်ကြွလှုပ်ရှားသူတစ်ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခြင်းခံရပြီး သာယာဝတီအကျဉ်း ထောင်သို့ ပို့ဆောင်ထိန်းသိမ်းခြင်း ခံခဲ့ရပါသည်။ ရခိုင်ဒေသခံ ၃၂ ဦးတို့ ရခိုင်တပ်မတော် (AA) နှင့် အဆက်အသွယ်ရှိသည်ဟူသော သံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရပါသည်။ ထို့အပြင် မန္တလေးတိုင်းတွင် မြေသိမ်းမှုကို မြေပိုင်ရှင်များမှ ကန့်ကွက်ဆန့်ကျင်သောကြောင့် မြေပိုင်ရှင်အမျိုးသမီး ၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရကာ ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၃၃ ဖြင့် တရားစွဲခြင်း ခံခဲ့ရပါသည်။
ပြီးခဲ့သည့်နှစ်အကုန်ပိုင်းလောက်တွင် စစ်တပ်မှ ဖမ်းဆီးထားစဉ်အတွင်း အသတ်ခံခဲ့ရသည့် အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုတွင် ပြစ်မှုကျူးလွန်ခဲ့ကြသည့် စစ်သားနှစ်ဦး စစ်တပ်၏ ပုဒ်မ ၇၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄ လူသတ်မှုတို့နှင့် တရားရင်ဆိုင်နေရပြီး၊ မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) မှ အရပ်ဖက်တရားရုံးတွင် စစ်ဆေးရန် အကြံပြုခဲ့သော်လည်း စစ်တပ်မှ စစ်ခုံရုံးတွင်သာ စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည့်အတွက် ထိုအမှုအား စစ်ခုံရုံးတွင် စစ်ဆေးခဲ့သလို အရပ်ဖက်တရားရုံးမှလည်း အပြိုင်စစ်ဆေး လျက်ရှိပါသည်။ စစ်ခုံရုံးမှ တရားခံနှစ်ဦးတို့အား ၂၀၁၅ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် တရားသေလွှတ်ပေးခဲ့သော်လည်း အရပ်ဖက်တရားရုံးမှ ထိုအမှုအား ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါသည်။
ယခုလတွင်ပင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရာတွင် မကြာခဏ အသုံးပြုသည့် အရေးပေါ်စီမံချက်အက်ဥပဒေအား ဆက်လက်အသုံးပြုရန် လွှတ်တော်တွင် မေလ ၂ဝ ရက်နေ့၌ မဲခွဲဆုံးဖြတ်ခဲ့ကြပါသည်။ ထိုပုဒ်မအရ နိုင်ငံတော်အား ဆန့်ကျင်မှု အမျိုးမျိုးတို့အတွက် ထောင်ဒဏ် ရ နှစ် အထိ ချမှတ်နိုင်ပါသည်။ ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်နေသည့် ၂၀၁၁ ခုနှစ်မှစ၍ ထိုပုဒ်မအား ဖျက်သိမ်းပါက “တိုင်းပြည် ကမောက်ကမ ဖရိုဖရဲ ဖြစ်စေမည်” ဟု သဘောမတူညီမှုများ ရှိခဲ့ပြီး ယခု တတိယ အကြိမ် မဲခွဲဆုံးဖြတ်ရာတွင် ထိုဥပဒေအား ဖျက်သိမ်းရန် တင်သွင်းသည့် အဆိုအား ထောက်ခံမဲ ၅၀၊ ဆန့်ကျင်သည့် မဲအရေအတွက် ၂၅၆ မဲ၊ ပျက်ကွက်မဲအရေအတွက် ၁ရ မဲတို့နှင့် အောက်လွှတ်တော်မှ ပယ်ချခဲ့ပါသည်။
၂၀၁၅ ခုနှစ်၊ မေလ ၁၁ ရက်၊ ဒီဗွီဘီ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ မေလ ၁၂ ရက်၊ မဇ္ဈိမ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်၊ ဧရာဝတီ (အင်္ဂလိပ်)
၂၀၁၅ ခုနှစ်၊ မေလ ၂၅ ရက်၊ ဒီဗွီဘီ (အင်္ဂလိပ်)
ဆက်သွယ်မေးမြန်းရန်
တိတ်နိုင် အတွင်းရေးမှူး +၆၆(၀) ၈၁၂၈ ၇၈ ၇၅၁
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂၅၃ဝ ၈၈၄၀
အပြည့်အစုံဖတ်ရှုရန် ဒေါင်းလော့ရရန် May 2015, Chronology (Bur)