စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၉၁၂) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၇၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစုထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၅၄၉) ဦးရှိပြီး ထိုအထဲမှ (၂၀၃၅၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၉၃၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဧပြီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၃) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၁၉၉) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ အမှတ် (၂) တံတားအနီး ဧပြီလ ၁၉ ရက်နေ့ ညပိုင်းအချိန်မှ စတင်ခဲ့သည့် အကြမ်းဖက်စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေပြီး အဆိုပါတိုက်ပွဲများကြား တိမ်းရှောင်ကြသော အရပ်သားပြည်သူများမှာ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိကြသည်။ ၎င်းပြင် စစ်အုပ်စုက မြဝတီမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံများမှာ နေရပ်စွန့်ခွာ၍ ထိုင်း-မြန်မာနယ်စပ်သို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြပြီး နယ်စပ်တလျှောက် စစ်ဘေးရှောင် အရေအတွက်မှာ တိုးမြင့်လာသည်။
ရခိုင်ပြည်နယ်၌ စစ်အုပ်စုက လူမျိုးရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေသည့်အပြင် မြောက်ဦးမြို့နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့နှင့် ကျောက်တော်မြို့နယ်ကို ဧပြီလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် စစ်အုပ်စုက ရေကြောင်းအပြင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သားများမှာ ထွက်ပြေးနေရပြီး ထိခိုက်ဒဏ်ရာ ရရှိကြသည်။
ထို့ပြင် အရပ်သားများ နေထိုင်ရာ ဒေသများကို စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး၍ အရပ်သားပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြရာ ဧပြီလ ၂၀ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စိန်ကျောင်းကျေးရွာကို အင်အား ၂၀၀ ခန့် ပါဝင်သော စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များကို မီးရှို့ခဲ့သဖြင့် အိမ်ခြေ ၄၀၀ နီးပါး မီးလောင် ပျက်စီးခဲ့သည့်အပြင် အဆိုပါစစ်ကြောင်းသည် တစ်ရွာဝင် တစ်ရွာထွက် စီးနင်းနေသောကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ ၂၀၀၀ နီးပါးမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း