စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၅၆၁) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၀၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၁၄၇) ဦးရှိပြီး ထိုအထဲမှ (၂၀၁၄၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈၇၈၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၁) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၄) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၀၀၀) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နိုင်ငံတဝန်း ဖမ်းဆီးမှုများ များပြားလာပြီး သတင်းအစအန ပျောက်ဆုံးနေသည့်သူများလည်း ရှိလာသည်။ ပြီးခဲ့သည့် သတင်းပတ်အတွင်း စစ်အုပ်စုက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို ဗဟိုမှ တိုင်းဒေသကြီး/ပြည်နယ်အဆင့်အထိ ဖွဲ့စည်းခဲ့ပြီး စုဆောင်းရေးအတွက် စတင်စာရင်းကောက်ခံနေကြသည့်အပြင် တချို့နေရာများတွင် မဲနှိုက်၍ စုဆောင်းကာ နောက်ဆက်တွဲအနေဖြင့် ပြည်သူများမှာ စစ်သားသစ် စုဆောင်းခြင်းကို ရှောင်ရှားနိုင်ရန် ပြည်ပနိုင်ငံများသို့ တိမ်းရှောင်ရန် ပြင်ဆင်သူများလာကြသည်။

ဇန်နဝါရီလ တတိယပတ်မှ စတင်သည့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၌ ဖြစ်ပွားလျက်ရှိသော စစ်အုပ်စု၊ လက်အောက်ခံ ပြည်သူ့စစ်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများတွင် စစ်အုပ်စုဘက်မှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေး အပါအဝင် အရပ်သားများ သေဆုံးခဲ့ပြီး ဈေး၊ နေအိမ်နှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ကာ အရပ်သား ခုနှစ်သောင်းဝန်းကျင်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၌ စစ်အုပ်စုနှင့် ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရမ်းဗြဲမြို့၌ စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။ ၎င်းအပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြို့နယ်အများစုတွင် စစ်အုပ်စု လက်ပါးစေများက ရခိုင်လူမျိုးများအပေါ် မဟုတ်မမှန် သတင်းများဖြင့် လူမျိုးရေး ပဋိပက္ခဖြစ်ပွားအောင် အမုန်းတရားများ ဖြန့်ဝေလျက်ရှိသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း