စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၁၅၅) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၅၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၃၃၇) ဦးရှိပြီး ထိုအထဲမှ (၁၉၆၁၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၈၂၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

အောက်တိုဘာလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၀) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၇၂၁) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၀) ဦးနှင့် အမျိုးသား (၄၅) ဦး စုစုပေါင်း (၅၅) ဦး သေဆုံးခဲ့သည်။ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်အချိန်တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အစပ်ရှိ ကြက်တူရွေးကျေးရွာနှင့် သဲအင်းကျေးရွာအနီး၌ အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် ညနေပိုင်းအချိန်တွင် မတ္တရာမြို့နယ်၊ ရှင်လှကျေးရွာ (မြောက်) အတွင်းကို အင်အား ၈၀ ခန့်ပါဝင်သော စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး လေဖြတ်ဝေဒနာခံစားနေရ၍ ထွက်မပြေးနိုင်သော ဒေသခံတစ်ဦးဖြစ်သူ ဦးဇေယျကို ဖမ်းဆီးခဲ့ပြီးနောက် လည်လှီးသတ်ဖြတ်ခဲ့သည်။

ထို့ပြင် အဆိုပါကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၁၀) ဦးနှင့် အမျိုးသား (၃၀) ဦး စုစုပေါင်း (၄၀) ဦးကို ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ သပိတ်ခေါင်းဆောင် ကိုကျော်စိုးထွေးသည် ထောင်ဒဏ်ချမှတ်ခံရာမှ လွတ်ရက်စေ့၍ ကလေးအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော်လည်း အကြမ်းဖက်စစ်အုပ်စု၏တပ်က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြန်လည်ဖမ်းဆီး၍ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးကြောင်း သိရှိရသည်။ ကိုကျော်စိုးထွေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ၌ ပါဝင်မှုဖြင့် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း