စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၁၅၄) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၅၀၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅၃၃၁) ဦးရှိပြီး ထိုအထဲမှ (၁၉၆၁၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၈၂၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

မတရားသဖြင့် ဖမ်းဆီးခံထားရသူ (၇) ဦးမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်ကို ယနေ့တွင် အတည်ပြုနိုင်ခဲ့သည့်အတွက် အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၀) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၃) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၇၂၁) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၈) နှစ်မြောက်အခမ်းအနားကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နေပြည်တော်၌ ကြီးကျယ်ခမ်းနားစွာ ဟန်ပြကျင်းပခဲ့ပြီး တစ်ဖက်တွင်မူ နိုင်ငံအနှံ့စစ်ရှိန်မြှင့်၍ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရှိရသည်။ 

ပြီးခဲ့သည့် သတင်းပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျီးကန်ကျေးရွာ၊ တောင်အိုကျေးရွာ၊ ကမ္ဘဲ့ကျေးရွာနှင့် ပေါက်ကူကျေးရွာကိုလည်းကောင်း၊ ပေါက်မြို့နယ်ရှိ ဝက်ပုတ်ကျေးရွာနှင့် ညောင်ရင်းကျေးရွာကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ မှန်သာကျေးရွာနှင့် ဝဘာကျေးရွာကိုလည်းကောင်း၊ ဝက်လက်မြို့နယ်ရှိ နတ်ကုန်း(တောင်)ကျေးရွာကိုလည်းကောင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျော်ဇေယျာကျေးရွာကိုလည်းကောင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကိုလည်းကောင်း၊ ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာကိုလည်းကောင်း၊ ယင်းမာပင်မြို့နယ်ရှိ ညောင်တန်းကျေးရွာနှင့် ပေါက်ပန်းဖြူကျေးရွာကိုလည်းကောင်း၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ရှင်လှမြောက်ကျေးရွာနှင့် ထန်းခြောက်ပင်ကျေးရွာကိုလည်းကောင်း၊ စဉ့်ကူးမြို့နယ်ရှိ သဲအင်းကျေးရွာ၊ ကြက်တူရွေးကျေးရွာနှင့် ဟင်္သာမကျေးရွာကိုလည်းကောင်း၊ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများ အပါအဝင် နိုင်ငံတဝန်း၌ စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ထို့ပြင် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပေါက္ကူကျေးရွာနှင့် ကမ္ဘဲ့ကျေးရွာကို အင်အား ၁၀၀ ဝန်းကျင်ရှိသော အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် ပေါက္ကူကျေးရွာမှ ဒေသခံနှစ်ဦးဖြစ်သော ဦးဟန်တင်နှင့် ကိုစိုးနိုင်ဦးတို့သည် စစ်ကြောင်းနှင့်တွေ့၍ ဖမ်းဆီးခံရပြီးနောက် နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း