စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၁၀၈) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၄၅၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၈၃၆) ဦးရှိပြီး ထိုအထဲမှ (၁၉၂၆၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၃၆၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၇) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၀) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၅၇၂) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း၌ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြသည့် လက်နက်မဲ့ အရပ်သားပြည်သူများကို ပစ်ခတ်သတ်ဖြတ်၍ မတရားဖမ်းဆီး၊ ထောင်ချသည့်အပြင် နိုင်ငံရေးပါတီဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြကြသည့် သပိတ်အဖွဲ့ဝင်များ အပါအဝင် အရပ်သားပြည်သူများ၏ နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို မတရားသဖြင့် ချိပ်ပိတ်သိမ်းဆည်းမှုများ လုပ်ဆောင်လာသည်။ ယခုလအတွင်း အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းရှိ စစ်ကိုင်းမြို့၊ ပဲခူးတိုင်းရှိ မင်းလှမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်၊ ဧရာဝတီတိုင်းရှိ မြန်အောင်မြို့နယ်နှင့် မွန်ပြည်နယ်ရှိ သိမ်ဇရပ်မြို့ အပါအဝင် နိုင်ငံတဝန်း၌ နေအိမ်နှင့် ပြည်သူပိုင်ပစ္စည်း ၁၁ ခုကို ချိပ်ပိတ်သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက မတရားသော စွပ်စွဲချက်များဖြင့် အရပ်သားပြည်သူများကို ဖမ်းဆီး၍ အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည့်အပြင် ပိုင်ဆိုင်မှုများကိုပါ ချိပ်ပတ်သိမ်းဆည်းမှုများ ပိုမိုပြုလုပ်လာသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ဈေးလမ်းရှိ “Hello Mobile” ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် တိမ်းရှောင်နေသူဟု စွပ်စွဲ၍ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ဖုန်းအရောင်းဆိုင်ကို ထိုနေ့ညပိုင်းအချိန်၌ ချိပ်ပိတ်ခဲ့သည်။ ထို့ပြင် စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်၊ သာစည်ရပ်ကွက်ရှိ “ရင်သွေးရတနာ” ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဒေါ်ထားထားဦးကို အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ရန် ဝန်ထမ်းများကို လှုံ့ဆော်သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရမှ ဖွင့်လှစ်သည့် စစ်ကိုင်းဖက်ဒရယ်ကျောင်း၌ စာသင်ပေးသည်ဟု စွပ်စွဲ၍ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၎င်း၏ကိုယ်ပိုင်ကျောင်းကို ချိပ်ပိတ်ခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း