စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၁၀၀) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၄၅၀) ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၈၃၂) ဦးရှိပြီး ထိုအထဲမှ (၁၉၂၆၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇၃၆၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၇) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၀) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅၅၇၂) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂၆) ဦး စုစုပေါင်း (၂၈) ဦး သေဆုံးခဲ့ပြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၁၅) ဦးဖြင့် အများဆုံးဖြစ်သည်။
ထို့ပြင် ၎င်းကာလအတွင်း စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသား (၇) ဦးကို ဖမ်းဆီးခဲ့ပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများက မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၅၃) ဦး စုစုပေါင်း (၆၅) ဦး ရှိသည်။
စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသော အကြမ်းဖက်စစ်အုပ်စု၏ စစ်သင်္ဘောများသည် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာအနီး၌ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စု၏တပ်က တုတ်ကြီးကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်း၍ နေအိမ် ၄၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသား ခုနှစ်ဦးကို သတ်ဖြတ်ခဲ့သည်။ သေဆုံးသူများမှာ သံပုရာကုန်းကျေးရွာမှ ကိုရဲမောင်နှင့် ကိုဉာဏ်ထွန်း (ခ) ကိုက်ကိုက်၊ တုတ်ကြီးကျေးရွာမှ ဦးအောင်လင်းနှင့် ဦးခင်မောင်ဌေးတို့ ဖြစ်ကြပြီး ၎င်းတို့၏ ရုပ်အလောင်းများကို တုတ်ကြီးကျေးရွာအတွင်းတွင် တွေ့ရှိခဲ့သည်။ ကိုရဲမောင်နှင့် ကိုဉာဏ်ထွန်း (ခ) ကိုက်ကိုက်တို့မှာ ပစ်ခတ်ခံရ၍ သေဆုံးခဲ့ပြီး ဦးအောင်လင်းနှင့် ဦးခင်မောင်ဌေးတို့မှာ မီးရှို့ခံရပြီး သေဆုံးခဲ့သည်။ ကျန်သေဆုံးသူ သုံးဦးဖြစ်သည့် တုတ်ကြီးကျေးရွာသား ကိုချဲ၊ ကိုဘိုဘိုထွန်းနှင့် ကိုအောင်သန်းတို့၏ ရုပ်အလောင်းများကို ယနေ့အထိ မတွေ့ရှိသေးပါ။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း