စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍
နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဩဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၈၇၆) ဦး ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄၁၅၄) ဦးရှိပြီး ထိုအထဲမှ (၁၉၆၈၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၉၄၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဩဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး အပါအဝင် (၁၁၉) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၈) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၄၇၃) ဦး ရှိသည်။
အကြမ်းဖက်စစ်အုပ်စုသည် ဒုတိယဝါဆိုလပြည့်နေ့တွင် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၇၇၄၉) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) ဖြင့် လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် အေအေပီပီအနေဖြင့် ယနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီအထိ ကိန်းဂဏန်းအရ (၂၁၀) ဦး ဝန်းကျင်ကို အတည်ပြုနိုင်ခဲ့ပြီး (၈၂) ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ဆဲဖြစ်သည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ တစ်လတာကာလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂၇) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၂) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိသည်။ ဇူလိုင်လ ၂၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်နှစ်လုံးမှာ ပေါက်ကွဲခဲ့သောကြောင့် အသက် ၁၅ နှစ်အရွယ် မထက်အိ သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဇူလိုင်တစ်လအတွင်း နိုင်ငံတဝန်း ထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ (၄၅) ဦး ရှိပြီး စစ်ကိုင်းတိုင်းမှာ (၃၃) ဦးဖြင့် သေဆုံးမှု အများဆုံး ဖြစ်သည်။ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၂ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်ချောင်းကျေးရွာကို အင်အား ၁၀၀ ခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၁၈ နှစ်အောက် လူငယ် လေးဦးအပါအဝင် အရပ်သားရှစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့ဝင် ခြောက်ဦး၊ စုစုပေါင်း ၁၄ ဦးကို ဖမ်းဆီး၍ သတ်ဖြတ်ခဲ့သည်။ ထို့နောက် ညှဉ်းပန်းနှိပ်စက်၍ ပစ်ခတ်ခံထားရသည့် ဒဏ်ရာများနှင့် ၎င်းတို့၏ရုပ်အလောင်းများကို စုန်ချောင်းကျေးရွာအတွင်းနှင့် ကျေးရွာအနီးတွင် တွေ့ရှိခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း