စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇူလိုင်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၇၄၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၆၇၀) ဦးရှိပြီး ထိုအထဲမှ  (၁၉၃၁၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၆၆၄၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇူလိုင်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၇) ဦး ရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၅၈) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို စစ်ကြောင်းထိုးသောကြောင့် ပြည်သူများမှာ နေထိုင်ရာဒေသများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရသည်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းနှစ်ကြောင်းက ဇွန်လ ၂၆ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ အလယ်ရှိုကျေးရွာ၊ အိုင်ပေါက်ကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကန်သာယာကျေးရွာ၊ ကွန်းတိုင်းကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ထနောင်းကိုင်းကျေးရွာ၊ ယောက်သွားအိုင်ကျေးရွာ၊ ကုလားလူးကျေးရွာ၊ အင်းပတ်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာနှင့် ဆယ်ကြီးကျေးရွာကို၎င်း၊ ဇူလိုင်လ ၂ ရက်နေ့တွင် ညောင်ကန်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ (ခ) အောင်ချမ်းသာကျေးရွာနှင့် အင်းပတ်ကျေးရွာကို၎င်း စစ်ကြောင်းထိုးခဲ့သောကြောင့် ကျေးရွာ ၁၄ ရွာမှ ဒေသခံပြည်သူ ၆,၀၀၀ ကျော်၊ ညောင်ကန်ကျေးရွာမှ ဒေသခံ ၃,၅၀၀ ကျော်၊ ချမ်းသာကုန်းကျေးရွာ (ခ) အောင်ချမ်းသာကျေးရွာနှင့် အင်းပတ်ကျေးရွာမှ ဒေသခံ ၂,၅၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားများနေထိုင်ရာ ဒေသများကို စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးမှုများ ပိုမိုလုပ်ဆောင်လျက်ရှိရာ ဇွန်လ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာကို အင်အား ၇၀ ခန့်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏စစ်ကြောင်းက ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၁၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၅၅၉) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၂၆၂) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေသည်။ ထို့ပြင် နိုင်ငံတဝန်း ဖမ်းဆီးခံရမှုအနေဖြင့် အမျိုးသမီး (၄၇၂၄) ဦးရှိပြီး ရန်ကုန်တိုင်း၌ (၁၂၂၀) ဦးဖြင့် အများဆုံး ဖမ်းဆီးခံရသည်။ ထို (၄၇၂၄) ဦးအနက် (၃၆၄၉) ဦးမှာ လက်ရှိတွင် အကျဉ်းထောင်များ၌ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း