စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ ဇွန်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၆၂၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၂၂၈) ဦးရှိပြီး ထိုအထဲမှ (၁၈၉၀၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၂၅၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇွန်လ ၅ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၇) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၂၇) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။ မေလ ၃၁ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပေါက်အင်းမြိုင်ကျေးရွာရှိ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 ဖြင့် ပစ်ခတ်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် နေအိမ်တစ်လုံး ပျက်စီးခဲ့သည့်အပြင် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ နေထိုင်ရာဒေသများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လာသည်။ ဇွန်လ ၁ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်အချိန်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံး ထိမှန်ပျက်စီးခဲ့သည့်အပြင် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ယနေ့ရရှိသော အချက်အလက်များအရ ဇွန်လ ၃ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာကို အင်အား ၁၀၀ ကျော်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်စီးနင်း၍ မီးရှို့ခဲ့သည်။ ထိုသို့ဝင်ရောက်စီးနင်းစဉ် ဒေသခံ ကိုလှစိုးအောင်ကို ဖမ်းဆီးခဲ့ပြီး ဦးခေါင်းကို ခုတ်ဖြတ်၍ သတ်ဖြတ်ခဲ့သည့်အပြင် ၎င်း၏ရုပ်အလောင်းကို မီးရှို့ခဲ့သည်။
ထို့ပြင် ဇွန်လ ၂ ရက်နေ့၊ နံနက် ၈ နာရီခန့်အချိန်တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခင်ရန်းကျေးရွာကို အင်အား ၆၀ ကျော်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်း၍ ဒေသခံ ကိုညိုဌေးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် – Sector_Data_Definition (2-Feb-2023)
Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် – Special_Condition_Data_Definition (2-Feb-2023)
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း