စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၂ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၄၅၂) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၈၀၇) ဦးရှိပြီး ထိုအထဲမှ  (၁၇၈၉၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၅၈၃၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ 

မတရားဖမ်းဆီးထိန်းသိမ်းခံနေရသူ တစ်ဦးမှာ ဧပြီလ ၂၅ ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်ကို ယနေ့တွင် အတည်ပြုနိုင်ခဲ့သည့်အတွက် မေလ ၂ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၂) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၉၁၀) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့်သုတေသနဌာနမှ မီဒီယာစောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို စစ်ကြောင်းထိုး၍ အရပ်သားပြည်သူများကို ဖမ်းဆီးမှုများ များပြားလာသောကြောင့် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဧပြီလ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်အုပ်စု၏ ခမရ-၃၆၁နှင့် တပ်မ-၈၈ လက်အောက်ခံ စစ်ကြောင်းက ၎င်းတို့ စစ်ကြောင်းထိုးရာလမ်းကြောင်းရှိ စကျင်ကျေးရွာမှ ဒေသခံပြည်သူ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ အဆိုပါ စစ်ကြောင်းများသည် ဧပြီလ ၁၈ ရက်နေ့မှ စတင်ပြီး မလည်တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေသည့်အတွက် ပဇီကြီးကျေးရွာဝန်းကျင်ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ တစ်သောင်းနီးပါးမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် လေကြောင်းအသုံးပြု၍ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာပြီး ဧပြီလ ၂၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ လာရောက်ဗုံးကြဲခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သောကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများ ရှိကြောင်း သိရှိရသည်။

ယနေ့ရရှိသော အချက်အလက်များအရ ဧပြီလ ၂၈ ရက်နေ့တွင် ရန်ကုန်တော်လှန်ရေးအင်အားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒ အထူးပြုဘွဲ့ရ ကျောင်းသား ကိုဗညားစိုးထက်ကို အင်းစိန်ထောင် အထူးတရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့သည်။ ကိုဗညားစိုးထက်သည် ရာဇသတ်ကြီးဥပဒေ ပုဒ်မနှစ်ခုအတွက် ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရပြီး ဖြစ်သောကြောင့် စုစုပေါင်း ထောင်ဒဏ် ၈၄ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းသည် အကြမ်းဖက်စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီ ရုံးချုပ်၏ အထွေထွေမန်နေဂျာ ဦးသိန်းအောင်ကို လုပ်ကြံသတ်ဖြတ်မှုနှင့် လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာ၌ ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဖမ်းဆီးခံခဲ့ရသည်။

ထို့ပြင် မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံ ကိုကောင်းဆက်ပိုင်ကို မတ်လ ၂၂ ရက်နေ့တွင် အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) တို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့တွင် စစ်ခုံရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) တို့ဖြင့် သေဒဏ် ထပ်တိုးချမှတ်ခဲ့ကြောင်း သိရှိရသည်။ ကိုကောင်းဆက်ပိုင်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Sector_Data_Definition (2-Feb-2023)

Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Special_Condition_Data_Definition (2-Feb-2023)

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း