စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၇၃၄) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၄၉၅) ဦးရှိပြီး ၎င်းတို့အနက်မှ  (၂၀၅၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၂) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၇၃၁) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။

ယနေ့ရရှိသောအချက်အလက်များအရ ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၌ အကြမ်းဖက်စစ်အုပ်စု၏ ခလရ ၄၁၆ မှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သောကြောင့်  အင်းတော်လေး ကန်ပတ်လမ်းအနီးရှိ လယ်ကွင်း၌ ပဲစိုက်နေသည့် တောင်သူ ဦးနိုင်ဝင်းမှာ ပေါင်ကို ထိမှန်ခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့သည်။ ထို့ပြင် ဦးနိုင်ဝင်း၏ဇနီးဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့ သောကြောင့် အင်းတော်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

ထို့ပြင် ဇန်နဝါရီလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တည်ပင်ကျေးရွာနှင့် ရှမ်းကုန်းကျေးရွာကို အင်အား ၁၅၀ ခန့်ရှိသော ဖောင်းပြင်အခြေစိုက် ခမရ ၃၆၈ တပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းတို့မှ စစ်ကြောင်းထိုး သောကြောင့် အရပ်သား သုံးဦး စစ်ဘေးရှောင်နေစဉ် စစ်ကြောင်းနှင့် ထိပ်တိုက်တိုးကာ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဖမ်းဆီးခြင်းခံခဲ့ရသော အရပ်သား သုံးဦးမှာ ရှမ်းကုန်းကျေးရွာမှ ဦးခင်မောင်ထွန်း (ခ) ကြက်တော၊ တည်ပင်ကျေးရွာမှ ကိုကျော်စိုးမိုး (ခ) ဘိုဘိုနှင့် ကိုဆန်းမြင့်အောင် (ခ) ကြက်ခေါင်းတို့ ဖြစ်ကြပြီး ၎င်းတို့မှာ မီးရှို့ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ၎င်းတို့ သုံးဦး၏ရုပ်အလောင်းများကို ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ဇန်နဝါရီလ ၁၁ ရက်နေ့ တို့တွင် တွေ့ရှိခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

 

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း