စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၈၆) ခုထက်မနည်းရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၄၂၀) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၈၉၀) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၆၃၂) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၆) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၈) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၁၈၈) ဦး ရှိသည်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။  အချက် အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။ 

နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၂၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းတို့အနက်မှ သုံးဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူများမှာ ရွှေပြည်သစ်ကျေးရွာမှ အသက် ၈၀ အရွယ် ဦးမောင်တူ နှင့် အသက် ၈ နှစ်အရွယ် မောင်အောင်မင်းနိုင်၊  ဝက်မှိုင်းကျေးရွာမှ အသက် ၅၁ နှစ် အရွယ် ဒေါ်အေးသန်းနု တို့ဖြစ်ကြကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်မှ မိုင်းဝီးကျေးရွာဘက်ကို ဆင်းလာသည့် အကြမ်းဖက်စစ်အုပ်စု၏ ခလရ ၂၄၇ ယာဥ်တန်းသည် မန်စပ်ကျေးရွာအနီး၌ မိုင်းဆွဲ တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် အဆိုပါတပ်မှ ထိုနေရာအနီးရှိ လယ်အတွင်း၌ စပါးရိတ်နေသူများကို သေနတ်ဖြင့် တရစပ် ပစ်ခတ်ခဲ့သောကြောင့် မန်စပ်ကျေးရွာခံ နှစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ သေဆုံးခဲ့သည့် ဒေသခံ နှစ်ဦးမှာ အနိုင်ယွန်းနှင့် အယေ့ယေ တို့ဖြစ်ကြသည်။  အနိုင်ယွန်းသည် မျက်နှာ၌ ကျည်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးခဲ့သည်။ အယေ့ယေသည် သေနတ် ထိမှန်ခဲ့သည့်အပြင် ၎င်း၏လည်ပင်းကို လှီးကာ နားရွက်၊ ဝမ်းဗိုက်နှင့် နောက်ကျောတို့ကိုလည်း ဓားဖြင့် ထိုး၍ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ 

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

ကျဆုံး – bit.ly/3taCmp3 

ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm 

လွတ်မြောက် – bit.ly/3MbC3kd 

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း