စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ အောက်တိုဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၈၀) ခုထက်မနည်းရှိခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၃၈) ဦး ရှိခဲ့ပြီဖြစ်ပါသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၅၇၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၅၀၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ အောက်တိုဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၆) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၁၇၂) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါသည်။ အချက် အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားပါမည်။
တနင်္သာတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင်း ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား လေးဦးဖြစ်သော ကိုထွန်းဦး၊ ကိုရာဇာထွန်း၊ ကိုမြတ်ကျော်သူနှင့် ကိုမင်းဆက်မှုးတို့ကို ထားဝယ်ခရိုင်တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂ တို့ဖြင့် ထပ်တိုးထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အောက်တိုဘာလ ၅ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းတို့ လေးဦးသည် ထောင်ဒဏ် ၂၆ နှစ်၊ ထောင်ဒဏ် ၂၁ နှစ်၊ ထောင်ဒဏ် ကိုးနှစ်နှင့် ထောင်ဒဏ် ရှစ်နှစ် အသီးသီး ချမှတ်ခြင်းခံထားရပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ထားဝယ်အကျဉ်းထောင်တွင်း ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ခြောက်ဦးဖြစ်သော ကိုစိုင်းမင်းသူ၊ ကိုသက်ပိုင်ဦး၊ ကိုဆောင်းယုထွန်း၊ ကိုလင်းထက်ကိုကို၊ ကိုအောင်အောင်လတ်နှင့် ကိုအောင်အောင်တို့ကိုလည်း ထပ်တိုး ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် ယင်းနေ့တွင်ပင် အမိန့်ချမှတ်ခဲ့သည်။ ၎င်းတို့ခြောက်ဦးသည် ထောင်ဒဏ် ၂၁ နှစ်၊ ထောင်ဒဏ် ကိုးနှစ်၊ ထောင်ဒဏ် သုံးနှစ်နှင့် ထောင်ဒဏ် နှစ်နှစ် အသီးသီးချမှတ်ခြင်းခံထားရပြီး ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရ ခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာ များသို့ ဆက်သွယ်၍ အသိပေး၊ အကြောင်းကြား နိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
ကျဆုံး – bit.ly/3taCmp3
ဖမ်းဆီးခံရသူ စုစုပေါင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲ – bit.ly/3m3Z8Lm
လွတ်မြောက် – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် – – https://youtu.be/OoyTSNG7zv4
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း