နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများ အကျဉ်းချုပ်ဖော်ပြချက်

ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၁
အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှု ရက်ပေါင်း (၃၀၀) ကျော်လာသည့်အချိန်အတွင်း အရပ်သားပြည်သူ များ၏ ထိခိုက်နစ်နာခံစားရမှုများမှာ ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရလျက်ရှိသည်။ တရားလက်လွတ်ဖမ်းဆီးမှုများ ဆက်တိုက်တိုးမြှင့်လာနေသလို မတရားသတ်ဖြတ်မှုများမှာလည်း ရပ်တန့်မသွားသေးဘဲ စစ်သုံ့ပန်းများကိုပါ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လျက်ရှိသည်။
ကျဆုံးမှု
နိုဝင်ဘာလအတွင်း စစ်အုပ်စု၏ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူ (၅၉) ဦးကျဆုံးခဲ့ရပါသည်။ ထိုအထဲတွင် CDM ပြုလုပ်နေသည့် အရာထမ်းများ၊ ကျောင်းဆရာများ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကျောင်းသားများအပြင် အရပ်သားပြည်သူများပါဝင်ခဲ့သည်။ မိမိတို့ကောက်ယူ ရရှိသည့် မှတ်တမ်းများအရ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးခဲ့ရသူ (၁၄) ဦး၊ အမျိုးသမီး (၅) ဦးနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၆) ဦးပါဝင်သည်။
ဖမ်းဆီးမှု
AAPP မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အချက်အလက်များအရ နိုဝင်ဘာ ၁ မှ ၃ဝ ရက်နေ့အထိ စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးမှုကြောင့် ထိန်းသိမ်းခံခဲ့ရသူပေါင်း (၅၁၂) ရှိခဲ့သည်။ အမျိုးသမီးဦးရေ (၁၀၉) ဦး၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ်ဦးရေ (၂၂) ဦး နှင့် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူ (၃၄) ဦး ပါဝင်သည်။
ပစ်ခတ်တိုက်ခိုက်မှု
ထို့အပြင် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အင်အားအများအပြားသုံး၍ ထိုး စစ်ဆင်ခြင်းများကြောင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်များတွင် ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ စည်သာကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ကလေးမြို့နယ်အတွင်းရှိ နတ်ချောင်း၊ နတ်မြောင်း၊ ဟဲလုပ်၊ ချောင်းခွ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ နတ်ချောင်းကျေးရွာအတွင်း လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရထားသည့် ပြည်သူများကို ကယ်ဆယ်ရန် လာသော လူနာတင်ယာဉ်ကိုပါ စစ်အုပ်စုမှ ပစ်ခတ်သဖြင့် ပရဟိတကယ်ဆယ်ရေးသမား နှစ်ဦးကျည်ထိမှန်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှု
စစ်အုပ်စုအနေဖြင့် စစ်ရေးအင်အားကို တိုးမြှင့်တိုက်ခိုက်ရာတွင် မြေပြင်တပ်များသာမက လေကြောင်း တိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ရာ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂ဝ ခန့်က ဒေသခံ တစ်သောင်းခန့် မှာ ရွာများကို ဝင်ရောက် စီးနင်းခံရသည့်အပြင် လေကြောင်းမှလည်း ထိုးစစ်ဆင်တိုက်ခိုက်ခံနေခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ နိုဝင်ဘာ ၂ရ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်း မြို့နယ်တွင် စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ရဟတ်ယာဉ်ငါးစီးဖြင့် စစ်ကူအင်အား ဖြည့်တင်းကာ လေကြောင်းပစ်ကူမှုများကြောင့် အနည်းဆုံး ကျေးရွာ ၉ ရွာမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးနေရသလို ရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မီးရှို့မှု
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို ခုခံမှုအားကောင်းရာ ချင်းပြည်နယ် ထန်တလန်မြို့ကို နိုဝင်ဘာ အတွင်း အနည်းဆုံး (၅) ကြိမ်ထက်မနည်း စစ်အုပ်စုက မီးရှို့ခဲ့ရာ အဆောက်အဦ (၂၅၀) နီးပါး မီးလောင်ခံခဲ့ ရပြီး စက်တင်ဘာလ (၉) ရက်နေ့မှ နိုဝင်ဘာ (၂၉) ရက်နေ့အထိ မီးရှို့ခံရမှုကြောင့် ထန်တလန်မြို့ရှိ အဆောက်အဦ (၄၇၃) ခုထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ နိုဝင်ဘာလ အစောပိုင်းက စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မင်းကင်းမြို့နယ်များရှိ ကျေးရွာများတွင်လည်း အကြမ်းဖက် စစ်အုပ်စု၏ တပ်များက မီးရှို့မှု များပြုလုပ်ခဲ့သောကြောင့် လူနေအိမ်များ၊ စပါးကျီများ မီးလောင်ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်သားများသည် လောင်းလုံးမြို့နယ်၊ စစ်ပြဲ ကျေးရွာအတွင်းရှိ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး၏နေအိမ်အား အကြမ်းဖက်ဝင်ရောက် စီးနင်း ခဲ့ပြီး နေအိမ်၌လူမရှိခြင်းကြောင့် တစ်အိမ်လုံးကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးသွားခဲ့သည်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
အကြမ်းဖက်စစ်အုပ်စု၏ တပ်သားများသည် အရပ်သားပြည်သူလူထုအပေါ် လူမဆန်သော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိရာ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုလည်း နည်းလမ်းတစ်ရပ်အနေဖြင့် တစိုက်မတ်မတ်ကျင့်သုံးပြုမူလျက်ရှိသည်။ ထားဝယ်မြို့နှင့်လောင်းလုံးမြို့နယ် ကို ဆက်သွယ်ထားသည့် ကမြောကင်း တံတား စစ်ဆေးရေးဂိတ်တွင် စစ်သားများမှ လုံခြုံရေးအကြောင်းပြ၍ စစ်ဆေးစဉ် အမျိုးသမီးများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ထိတွေ့ကိုင်တွယ်၍လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားသော အသုံးအနှုန်းများ ပြောကြား၍ လည်းကောင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ လုပ်ဆောင်ခဲ့ကြသည်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာအုပ်စု၊ ဖာခေတ်ကျေးရွာမှ အသက် ၆၂ နှစ် အရွယ် အမျိုးသမီး တစ်ဦးကို ခလရ ၃၃၆ မှ တပ်သားတစ်ဦးမှ အဓမ္မပြုကျင့်ခဲ့မှုတစ်ခု နိုဝင်ဘာလ ရ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ ထို့အပြင်နိုဝင်ဘာလ ၁၁ ရက်နေ့ ညအချိန်တွင် တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာ (Aklui Khua) တွင် မီးဖွားပြီးစ အမျိုးသမီးတစ်ဦးနှင့် ကိုယ်ဝန် ခုနှစ်လ လွယ်ထားသော အမျိုးသမီးတစ်ဦးတို့ကို စစ်အုပ်စု၏ လက်ပါးစေ တပ်သားများက ခင်ပွန်းသည်များ ရှေ့တွင်ပင် အကြိမ်ကြိမ်မုဒိမ်းပြုကျင့်မှုများကို ပြုလုပ်ခဲ့ကြသည်။
ချိပ်ပိတ်မှု
PDF များနှင့် ဆက်သွယ်ဆောင်ရွက်သည်ဟုဆိုကာ အရပ်သားများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း၊ ရွေးကောက်ခံအမတ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်များ၏ နေအိမ်များအား ချိပ်ပိတ် ခြင်းများကို အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်လျက်ရှိရာ နိုဝင်ဘာလအတွင်း နေအိမ်၊ ဆိုင်ခန်းနှင့် ခြံဝန်း အနည်းဆုံး (၈၄) ခု ကို မတရားချိပ်ပိတ်သိမ်းဆည်းခဲ့သည်။
အထက်ပါဖေါ်ပြချက်များသည် အာဏာသိမ်းစစ်အုပ်၏ နိုဝင်ဘာလအတွင်း၌ ကျူးလွန်ခဲ့သော တရားမဲ့ အကြမ်းဖက်မှု များအား အကျဉ်းချုပ်ဖေါ်ပြချက်မျှသာဖြစ်ပြီး အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း ထိုကဲ့သို့ လူမဆန်သော အကြမ်းဖက်ကျူးလွန်မှုများ များစွာရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

ဒေါင်းလော့ရယူရန် Design – November Briefing_Burmese