၂၀၂ဝ ခုနှစ်ဖေဖော်ဝါရီလအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်

ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၃၃ ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို ၃၃ ဦးအနက်မှ ကချင်တိုင်းရင်းသား လေးဦးသည် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ ကျောင်းသား ၁၂ ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ(ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉၊ အရပ်သား ၁ရ ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၅၂၊ ၅၀၅(ခ)၊ ၃၄ တို့ဖြင့် အသီးသီး အမှုဖွင့် တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၃၄ ဦး ရှိသည့်အနက်မှ ကချင်တိုင်းရင်းသား နှစ်ဦးသည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ လေးဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊  အရပ်သား ၁ရ ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၅၂၊ ၅၀၅(ခ)၊ ၃၄ တို့ဖြင့် ဖမ်းဆီးခြင်းခံခဲ့ရကာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ကျန်အရပ်သား ၁၁ ဦးသည်လည်း အသီးသီး ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၂၅ ဦး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ ထို ၂၅ ဦးအနက်မှ ၁၆ ဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ၂၀၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် သုံးဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) တို့ဖြင့် ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရပြီး သက်ဆိုင်ရာ တရားရုံးအသီးသီးမှ တက်ကြွလှုပ်ရှားသူ ငါးဦးနှင့် အရပ်သား တစ်ဦးတို့အပေါ် စွဲဆို ထားသော စွဲချက်များကို ရုပ်သိမ်းပေးကြောင်း အမိန့်ချမှတ်ခဲ့သည်။

ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၂၄ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်သော တက်ကြွလှုပ်ရှားသူ ကိုနေမျိုးဇင် နှင့်  မနေဇာထွန်းတို့သည် ကျန်းမာရေး ကောင်းမွန်ခြင်းမရှိကြောင်း သိရှိရသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်

မြန်မာပြည်တွင်း ဒီမိုကရေစီနည်းကျသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေးအတွက် အစဉ်တစိုက် ထုတ်ဖော် တောင်းဆိုလျက်ရှိသော်လည်း ဖေဖော်ဝါရီလအတွင်း မြန်မာပြည်တွင်းရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေသည် ဆိုးရွားစွာ ကျဆင်းလျက်ရှိသည်ကို တွေ့မြင်ရသည်။ ဖေဖော်ဝါရီလအတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခဲ့ခြင်းအတွက် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းခံခဲ့ရသော ကျောင်းသား (၁၂) ဦး ရှိခဲ့ပြီး တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှအပါအဝင် စုစုပေါင်း (၁၉) ဦး သည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ၂ဝ (သို့) ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) တို့ဖြင့် ငွေဒဏ် ပေးဆောင်စေရန် (သို့) ထောင်ဒဏ်ကျခံစေရန် အသီးသီး ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုသည်မှာ စိစစ်၊ကန့်သတ်ခြင်းကင်းသော အခွင့်အရေးတစ်ရပ် ဖြစ်ပြီး လူတိုင်းတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်သည့် အခွင့်အရေးရှိရမည်ဖြစ်သည်။ စစ်အစိုးရများလက်ထက်တွင် ထိုအခွင့်အရေးကို တင်းကျပ်စွာ ပိတ်ပင်ထားပြီး ထိုအခွင့်အရေးကို ကျင့်သုံးသူမည်သူမဆို မလွဲမသွေ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း လက်ရှိအစိုးရလက်ထက်ထိတိုင်အောင် ငြိမ်း၊စု၊စီ ဥပဒေ ကဲ့သို့သော ဖိနှိပ်ထားသော ဥပဒေ အမျိုးမျိုးဖြင့် နိုင်ငံသားများကို ဆက်လက် ပိတ်ပင် ချုပ်ကိုင်ထားခြင်းသည် မြန်မာပြည် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို လွန်စွာ နှောင့်နှေးစေသည်။ သို့ဖြစ်၍ အစိုးရနေဖြင့် လူတိုင်း၏ အခြေခံကျသော အခွင့်အရေးတစ်ရပ်ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေးအတွက် “စိစစ်ဖြတ်တောက်မှု နှင့် ဖိနှိပ်မှုကင်းသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” စံနှုန်း တစ်ခုကို အကောင်အထည်ဖော်၍ ဆောင်ရွက် ပေးပါရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တိုက်တွန်းအပ်ပါသည်။ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိသရွေ့ ဒီမိုကရေစီမျှော်မှန်းချက်သည်လည်း အလှမ်းဝေး နေဦးမည် ဖြစ်သည်”။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခများ၏ အကျိုးဆက်များ

၁၉၄၈ ခုနှစ်တွင် မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် မကြာမီတွင် ဖြစ်ပွားခဲ့သော ပြည်တွင်းပဋိပက္ခများ၏ အကျိုးဆက်သည် ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ဖွဲ့တို့မှ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ကြောင့် ထိုတိုင်းရင်းသားဒေသများတွင် ပဋိပက္ခများ ချုပ်ငြိမ်းသွားခဲ့သော်လည်း NCA ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်တို့ကြား လက်နက်ကိုင်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားဆဲပင်ဖြစ်သည်။ အထူးသဖြင့် ရခိုင်ဒေသ၌ တပ်မတော်နှင့် ရက္ခိုင့် တပ်တော်(AA)တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိခြင်းပင်ဖြစ်သည်။ ထို့အတူ ဌာနေတိုင်းရင်းသားများ သည် ထိုလက်နက်ကိုင်တိုက်ပွဲများ၏ ရိုက်ခတ်မှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်ခံစားနေကြရသည်။ ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များမှလည်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။ 

အာဏာပိုင်များမှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ

ညှဉ်းပန်းနှိပ်စက်မှုများ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ မောင်အာနိုးသည် ဆိုင်ကယ်ဆီဖြည့်ရန် သွားရောက် စဉ် တပ်မတော်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၎င်း၏ လက်ကို ကြိုးဖြင့် နောက်ပြန်တုတ်နှောင်၍ ရိုက်နှက်ခြင်းခံခဲ့ရသောကြောင့် ကျောက်တော်ဆေးရုံသို့ အရေးပေါ် သွားရောက်ပြသခဲ့ရသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အရပ်သား ကိုဌေးလှိုင်သည် တပ်မတော် စစ်ကြောင်း တစ်ခု၏ ဖမ်းဆီး စစ်ဆေးကာ ရိုက်နှက်ခြင်းကို ခံခဲ့ရသည့်အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ၎င်းသည် မင်းပြား ဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံသို့ တက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့ရသည်။
ဖမ်းဆီးခံရခြင်းများ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ နောင်လိုင် ကျေးရွာအုပ်စု၊ ဖတ်ဖိတ်ရွာမှ လုံးစိန္တာသည် ရှမ်းစစ်သားဟုစွပ်စွဲခြင်းခံခဲ့ရကာ တပ်မတော်စစ်ကြောင်းတစ်ခု၏ နှစ်ရက်ကြာ ဖမ်းဆီးခြင်းကို ခံခဲ့ ရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ထွက်ခွာလာသည့် စက်လှေတစ်စီးပေါ်မှ ရခိုင်လူငယ်ညီလာခံအဖွဲ့(AYC)မှ ကိုကျော်လှနှင့် ဘူးသီးတောင်မြို့နယ်မှ ၁ဝတန်း ကျောင်းသား တစ်ဦး၊ ကျောက်တော်မြို့နယ်မှ ပလက်ဝမြို့နယ်သို့ ပြေးဆွဲနေသည့် စက်လှေ တစ်စီးပေါ်မှ အရပ်သား ခြောက်ဦးတို့သည် တပ်မတော်စစ်ကြောင်းများ၏ ဖမ်းဆီးခြင်းကို ခံထားရ သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ

ဖမ်းဆီးခံရခြင်းများ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဘဏ္ဍာရေးမှူး ဦးဇေယျာမင်း ကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) မှ ဖမ်းဆီးခဲ့သည်ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်မှ ပြောကြားခဲ့သည်။ AA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခမှ ၎င်းတို့ ဖမ်းဆီးထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှ အသက် ၇ဝ ကျော် အမျိုးသား နှစ်ဦးအပါအဝင် ခိုလုံလီရှော တိုင်းရင်းသား ငါးဦးသည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံထားရသည်။

ကျည်ထိမှန်၍ သေဆုံး/ဒဏ်ရာရရှိမှုများ

ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်များ နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပစ်ခတ်မှုများကြောင့် အရပ်သား လေးဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ် နှစ်ဦး အပါအဝင် အရပ်သား ၃ဝ ဦး ထိခိုက် ဒဏ်ရာရ ရရှိခဲ့သည်။ ၎င်းပြင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် အရပ်သား တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။ ထို့ပြင် လက်နက်ကြီးကျည်နှင့် ဗုံးဆန်ကျရောက်ပေါက်ကွဲခဲ့ခြင်း ကြောင့် ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ မင်းပြား နှင့် မြောက်ဦးမြို့နယ်များမှ ကလေးငယ် လေးဦး အပါအဝင် ရှစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂၈ ဦးအပါအဝင် ၄၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ (ကလေးငယ် ၂၈ ဦးတွင် ကျောင်းသား/ကျောင်းသူအများစုပါဝင်သည်) ထို့ပြင် ရခိုင်ပြည်နယ်၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များ၊ ရှမ်းပြည်နယ်၊ မိုင်းငေါ့မြို့နယ်နှင့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တို့တွင် အရပ်သား လေးဦးသည် မြေမြှပ်မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး အရပ်သား နှစ်ဦးသည် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။  

အထက်ပါ ဖြစ်ရပ်များသည် လက်နက်ကိုင်တိုက်ပွဲများအတွင်း နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်သည်။ သို့သော်လည်း မျက်မှောက်အချိန်ကာလထိတိုင်အောင် ကျူးလွန်သူများ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေကြဆဲဖြစ်သည်။ ထို့ကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်ခံစား ခဲ့ကြရသူများအတွက် အမှန်တရားဖော်ဆောင်ရေးမှာလည်း ဖြစ်နိုင်ခြင်းမရှိသော အခြေအနေသို့ သက်ရောက်နေသည်။ သို့ဖြစ်၍ အမျိုးသားရင်ကြားစေ့ရေးအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကို ဖော်ဆောင်ရန် လိုအပ် လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်ရာတွင် အတိတ်ကာလ၌ ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အသိအမှတ်ပြု၍ အမှန်တရားကို ဖော်ထုတ်ရမည်ဖြစ်သည်။ ထိုအမှန်တရားမရှိလျှင် တရားမျှတမှုလည်း ရှိနိုင်မည် မဟုတ်ပေ။  ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ကျရောက်သော ကမာ္ဘ့လူမှုတရားမျှတရေးနေ့ (World Day of Social Justice) ၌လည်း လူမှုတရားမျှတမှုသည် နိုင်ငံတွင်းနှင့် နိုင်ငံများကြားတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အခြေခံနိယာမ တစ်ခု ဖြစ်သည်။ ကျားမတန်းတူညီမျှမှု သို့မဟုတ် ဌာနေတိုင်းရင်းသားများ နှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးများကို မြှင့်တင်သ သောအခါတွင် လူမှုရေးတရားမျှတမှုဆိုင်ရာ နိယာမများကို လိုက်နာ ရမည်ဖြစ်သည်။ ကျား၊ မ၊ အသက်အရွယ်၊ လူမျိုး၊ တိုင်းရင်းသားလူမျိုးစု၊ ဘာသာ၊ ယဉ်ကျေးမှုနှင့် မသန်စွမ်းမှု များကြောင့် ထိုသူများ ရင်ဆိုင်နေကြရသော အတားအဆီးများကို ဖယ်ရှားရာတွင် လူမှုတရားမျှတမှုရရှိရန် ဦးဆုံး လုပ်ဆောင်ရမည် ဖြစ်သည်ဟု ဖော်ပြထားသည်။ သို့ဖြစ်၍ အစိုးရအနေဖြင့် ချုပ်ငြိမ်းနိုင်ခြင်းမရှိသေးသော လက်နက်ကိုင်တိုက်ပွဲများ၏ အကျိုးဆက်ကို ရင်ဆိုင်နေကြရသော ဌာနေတိုင်းရင်းသားများကို ကာကွယ်မှု ပြုပေးပါရန်နှင့် ထိခိုက်နစ်နာခဲ့ရသူများအားလုံးအတွက် ပြန်လည် အစားထိုး ကုစားခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်း ပေးပါရန် တိုက်တွန်းအပ်ပါသည်။ ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ်ရေးထိုးရခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အမြန်ဆုံး တွေ့ဆုံ ညှိနှိုင်း၍ ငြိမ်းချမ်းရေးကို ဖော်ဆောင်မှု ပြုပေးပါရန်လည်း တိုက်တွန်းအပ်ပါသည်။ 

ဖေဖော်ဝါရီလအတွင်း အပြုသဘောဆောင်သော တိုးတက်မှုအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)အပါအဝင် ညီမျှခြင်းမြန်မာ(Equality Myanmar)၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP)၊ The Seagull တို့နှင့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၊ အမျိုးသားလွှတ်တော်  နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ တို့သည် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများ ကာကွယ် တားဆီးနိုင်ရန်နှင့် ပြည်သူများလုံခြုံမှုအပြည့်အဝရရှိစေရန်တို့အတွက် အရေးကြီးသော စာချုပ်နှစ်ခု ဖြစ်သည့် ညှဉ်းပန်း နှိပ်စက်မှုကို ဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ်(UNCAT) နှင့် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်(ICCPR) တို့ကို နိုင်ငံတော်အစိုးရမှ အတည်ပြုလက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ အစိုးရအား ထိုစာချုပ်များကို အမြန်ဆုံး လက်မှတ် ရေးထိုး အတည်ပြုပေးပါရန် ထပ်မံ၍ တိုက်တွန်းအပ်ပါသည်။ 

လယ်ယာမြေရေးရာကိစ္စရပ်များ

သိမ်းဆည်းလယ်ယာမြေနှင့် လယ်ယာမြေအငြင်းပွားမှုများသည် မြန်မာနိုင်ငံတွင်း ဖြေရှင်းနိုင်ခြင်းမရှိသေးသော ကိစ္စရပ် တစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွာသစ်ကြီးစံပြကျေးရွာ၌ စစ်မှုဝန်ကြီးဌာနမှ သိမ်းဆည်းခဲ့သော မြေများအနက် မြေဧရိယာ ၁၃၃ ဒဿမ ၁၂ ဧက ကို မူလတောင်သူများထံ ပြန်လည် ပေးအပ်ခဲ့မှု တစ်ခုသာရှိခဲ့ပြီး ကျန်လယ်ယာမြေအရေးကိစ္စများမှာ ဆက်လက် ဖြစ်ပွားဆဲဖြစ်သည်။ 

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့တွင် သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးအတွက် တောင်သူ ၂၅ ဦးခန့်မှ ဆန္ဒထုတ်ဖော် ခဲ့ကြခြင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင် မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့မှ ရွာသား ၁၀ဝ ကျော် လုပ်ကိုင်စားသောက်လျက်ရှိသည့် မြေယာ ၃၇ဝ ဧက ကို သိမ်းဆည်းခဲ့ပြီး ထိုမြေယာများပေါ်တွင် လာရောက် ထွန်ယက် စိုက်ပျိုးထားခြင်း

အမျိုးမျိုးသော လယ်ယာမြေရေးရာ ကိစ္စရပ်များကြောင့် လယ်ယာမြေဆုံးရှုံးခြင်း၏ အကျိုးဆက်ကို ရင်ဆိုင် နေကြရပြီး  များစွာ ထိခိုက်နစ်နာနေကြရသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အစိုးရမှ  ကာကွယ် မြှင့်တင်မှု ပြုပေးပါရန် နှင့် လယ်ယာမြေကဏ္ဍကို မြှင့်တင်မှု ပြုပေးပါရန် တိုက်တွန်းအပ်ပါသည်။ ၎င်းပြင် အစိုးရမှ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ နှင့် ၎င်းလက်မှတ်ရေးထိုး အတည်ပြုထားသည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (ICESCR) အတိုင်း လေးစားလိုက်နာရန်လည်း တိုက်တွန်းအပ်ပါသည်။


















လယျယာမွရေေးရာကိစ်စရပျမြား








For more information:

Assistance Association for Political Prisoners (AAPP)
Tate Naing (Secretary)         +95(0) 9428 023 828

U Bo Kyi (Joint-Secrtary)     +95(0) 942 5308840

Aung Myo Kyaw (Office In-Charge)     +95(0) 942811 7348