⁨၂၀၂၆၊ ဖေဖော်ဝါရီ တလတာအနှစ်ချုပ်အစီရင်ခံစာ

၂၀၂၆၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်ထိ

မတ်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ (၁) ဦးရှိခဲ့သည်။ ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၉၅) ဦး သေဆုံးခဲ့သည်။ အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁) ဦး ပါဝင်သည်။

ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၄၆) ဦး ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။

အာဏာသိမ်း ၅ နှစ်ကျော်ကိုရောက်ရှိလာပြီး အတုအယောင်ရွေးကောက်ပွဲကို စစ်အုပ်စုက လုပ်ဆောင်ခဲ့ပေမဲ့၊ အပြစ်မဲ့အရပ်သားတွေကို ဗုံးကြဲနေတာ၊ မတရားသဖြင့် ဖမ်းဆီးသတ်ဖြတ်နေတာ၊ ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဗုံးကြဲနေတာတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားနှိပ်ကွက်နေတာတွေကို အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဆက်တိုက်ကျူးလွန်နေတာ တွေ့နေရပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်တည်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပါ။ ဒီလိုကျူးလွန်မှုတွေက စစ်အုပ်စုဟာ သူတို့အာဏာတည်မြဲရေးအတွက် အကြောက်တရားဖန်တီးတာ၊ အကြောက်တရားနဲ့အုပ်ချုပ်ဖို့သာ ပြင်ဆင်နေပြီး တွေ့ဆုံဆွေးနွေးရေးအတွက် စိတ်ဝင်စားမှုမရှိတာကို ပြသနေပါတယ်။ သေချာတာက ဒီလုပ်ရပ်တွေကို မရပ်သရွေ့ တိုင်းပြည်တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာမဟုတ်ပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩