စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – မေ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၃၃) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၉၅၈) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၂၀၃) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၄) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ ဦးတည်တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိရာ မေလ ၁ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါ်ပီးရှစ်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ခုနစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အလားတူ မေလ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ချပ်ပြဲကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ သုံးဦး သေဆုံးခဲ့သည်။
ထို့ပြင် စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေအိမ်များကိုလည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးလျက်ရှိရာ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်အုပ်စုက မေလ ၁ ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ဆင်ချောင်းကျေးရွာနှင့် မရိုးကုန်းကျေးရွာတို့မှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့သည်။ အဆိုပါစစ်ကြောင်းသည် မရိုးကုန်းကျေးရွာမှ အမျိုးသမီး လေးဦးအား ဖမ်းဆီးကာ အဓမ္မပြုကျင့်ခဲ့ကြောင်း မြေပြင်အချက်အလက်များအရ သိရှိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

