⁨စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဧပြီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဧပြီ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံး ခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၉၉၂) ဦး ရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၉၀၉) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၁၆၇) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၅) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းတပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ တရားလက်လွတ်ဖမ်းဆီးခြင်း၊ နေအိမ်နှင့် အဆောက်အဦများကို မီးရှို့ခြင်းကဲ့သို့‌သော အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် ကျူးလွန်လျက်ရှိသည်။ ဧပြီလ ၂၂ ရက်နေ့က မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျီးကန်ကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံညီအစ်ကိုနှစ်ဦးကိုပစ်သတ်ကာ အလောင်းများကို မီးရှို့ခဲ့သလို၊ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဝန်ကလေးကျေးရွာကို စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲခဲ့သဖြင့် ပြည်သူ ၄ ဦးသေဆုံးခဲ့သည်။ ဧပြီလ ၂၄ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုံတောင်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ဆယ်ဦးကျော် သေဆုံးခဲ့ပြီး၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှ ဒေသခံ အရပ်သား သုံးယောက်ကို တော်လှန်ရေးတပ်ဖွဲ့များထံ ကုန်စည်ရောင်းချပေးသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့သည်။

အလားတူ ဧပြီလ ၂၅ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်ကျေးရွာကို စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကိုရင်တပါးအပါအဝင် ကလေးသုံးဦး သေဆုံးခဲ့ကာ၊ ဆိပ်ဖြူမြို့နယ်ရှိ ရေပုတ်ကျေးရွာနှင့် ဇီးဖြူကောင်းကျေးရွာကိုလည်း စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အရပ်သားနေအိမ် တရာနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)⁩