အေအေပီပီ ၂၆ နှစ်ပြည့် ထုတ်ဝေသည့်အစီရင်ခံစာ “နရသိန်တွင်းက အဖိနှိပ်ခံ အမျိုးသမီးများ”
နရသိန်တွင်းက အဖိနှိပ်ခံ အမျိုးသမီးများ
မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးသမိုင်းမှာ ဘယ်ခေတ်၊ ဘယ်စနစ်အခါမှ နောက်ကျမကျန်ခဲ့တဲ့ မြန်မာနိုင်ငံ တိုင်း ရင်းသားပေါင်းစုံပါဝင်တဲ့ အမျိုးသမီးများဟာ နွေဦးတော်လှန်ရေးကာလမှာလည်း အလွှာအစုံ၊ နယ်ပယ်အစုံမှာ ရဲရင့်ပြောင်မြောက်စွာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြတယ်။ စစ်အုပ်စုရဲ့အရှိုက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့တယ်။
တဖက်မှာ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကိုဆန့်ကျင်တဲ့ ပြည်သူတွေ အသက်ပေါင်းများစွာကို လက်နက်မျိုးစုံ၊ နည်းမျိုးစုံနဲ့ လူမဆန်စွာ အသက်သေသည်အထိ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ပစ်ခဲ့ကြတယ်။ တိုက်ပွဲဝင်အမျိုးသမီးများရဲ့ ဘဝတွေ၊ အသက်တွေလည်း များစွာပေးဆပ်ခဲ့ကြရတယ်။
အာဏာလုယူမှု တနှစ်အတွင်းမှာပဲ အေအေပီပီက နွေဦးတော်လှန်ရေးအတွင်း (မှတ်တမ်းတင်ရန် အခက်အခဲအမျိုးမျိုးကြောင့် တိုက်ပွဲအတွင်း ကျဆုံးသွားသူများမပါ) ကျဆုံးခဲ့ရတဲ့ အမျိုးသမီး ၁၀၄ ဦး အကြောင်းကို မှတ်တမ်း တင်ခဲ့ပါတယ်။ ကျဆုံးခဲ့ရတဲ့ အမျိုးသမီးသူရဲကောင်းတွေကို အလေးပြုမော်ကွန်းတင်တဲ့ ‘ဣတ္ထိယသွေး နွေဦးတေး’ ဆိုတဲ့ အစီရင်ခံစာတစောင်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့တယ်။ ပေးဆပ်ရမှုတွေ ကြီးလှမယ့် အမျိုးသမီးများဟာ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုတဲ့ ယုံကြည်ချက်အတွက် ဒီကနေ့အချိန်အထိ မလျှော့တဲ့ ဇွဲလုံလနဲ့ ရှေ့တန်းကနေ အားကောင်းမောင်းသန် တိုက်ပွဲဝင်နေဆဲပါ။
အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာလုယူမှု ၅ နှစ်တာကာလမှာ အေအေပီပီရဲ့ မှတ်တမ်းအရ ကျဆုံးအမျိုးသမီးဦးရေဟာ အဆပေါင်းများစွာတိုးလာပြီး ၂၁၀၀ ကျော် ရှိလာခဲ့တယ်။ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် အကျဉ်း ထောင်၊ ရဲစခန်း၊ စစ်ကြောရေး ငရဲခန်းတွေမှာ ကျဆုံးခဲ့ရတဲ့ အမျိုးသမီး အယောက် ၄၀ ရှိတယ်။ လူမသိ သူမသိ မှတ်တမ်းမဲ့ ကျဆုံးသူတွေလည်း များစွာရှိဦးမှာ အသေအချာပါ။
အေအေပီပီက အမျိုးသမီးတွေရဲ့ သတ္တိ၊ ရဲ့ရင့်ပြောင်မြောက်မှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုတို့ကို အခါအခွင့်သင့်သလို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ထုတ်ဖော်ခဲ့ပါတယ်။
ထောင်နံရံများရဲ့နောက်က စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကြား နိုင်ငံရေးအကျဉ်းသူများ ရင်ဆိုင်ကျော်ဖြတ်နေတဲ့ အခြေအနေများ၊ မှတ်တမ်းတိုများကို “နရသိန်တွင်းက အဖိနှိပ်ခံ အမျိုးသမီးများ” ခေါင်းစဉ်နဲ့ အေအေပီပီဖွဲ့စည်းတည်ထောင်ခြင်း ၂၆ နှစ်ပြည့်မှာ အစီရင်ခံ ထုတ်ပြန်လိုက်ပါတယ်။
ဘယ်လောက်ပင် ခက်ခဲကြမ်းတမ်းပါစေ၊ ယုံကြည်ချက်အတွက် မဆုတ်မနစ် မယိုယွင်းတဲ့ စိတ်ဓာတ် အားမာန်တို့နဲ့ မယိမ်းမယိုင် ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ တိုက်ပွဲဝင် ဣတ္ထိယသူရဲကောင်းများကို လေးစားစွာ ဂုဏ်ပြုလျက်…
တိတ်နိုင်
အတွင်းရေးမှူး
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
အစီရင်ခံစာရယူရန် – Bur_The Women Behind the Prison Walls
