“လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်” မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများနှင့်ပြန်လည်ပေါင်းစည်းရေး စိန်ခေါ်မှု ပြဿနာများ အစီရင်ခံစာထုတ်ပြန်ကြေညာချက်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့၏ “လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်” မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများနှင့်ပြန်လည်ပေါင်းစည်းရေး စိန်ခေါ်မှု ပြဿနာများ အစီရင်ခံစာ
ထုတ်ပြန်ကြေညာချက်
၂၅ မေလ ၂၀၁၆
ယနေ့ ၂၅ရက် မေလ၊ ၂၀၁၆တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှ “လွတ်မြောက်ပြီးတဲ့အခါဘဝကိုအစကနေ ပြန်စကြရတယ်” မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများနှင့် ပြန်လည်ပေါင်းစည်းရေး စိန်ခေါ်မှုပြဿနာများအစီရင်ခံစာအား ထုတ်ပြန်လိုက်သည်။ ဤအစီရင်ခံစာအား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အင်တာနက်စာမျက်နှာတွင် အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ရယူနိုင် ပါသည်။
ဤအစီရင်ခံစာသည် AAPP နှင့် FPPS တို့က ၂၀၁၄ ဇန်နဝါရီမှ ၂၀၁၅ ဇူလိုင်လအတွင်း ရယူစုဆောင်း ခဲ့သော မြန်မာနိုင်ငံတဝှမ်းလုံးနှင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အချက်အလက်များမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အချက်အလက်ပြည့်စုံမှုရှိသော နိုင်ငံရေးအကျဉ်းသား ဟောင်း (၁၆၂၁)ဦး၏ စစ်တမ်းများအား အသုံးပြုထားသည်။ ယခုအစီရင်ခံစာသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် မတော်မတရားပြုမှုများ၊ နှိပ်စက်ညှင်းပန်းမှုများကို စနစ်တကျကျယ်ပြန့်စွာ အသုံးချနေမှုများအား ဖော်ပြထားပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများပြန်လည်ကုစားပေးရေးကိစ္စအပေါ် အခြေခံ၍ မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှုကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆောင်ကျဉ်းပေးနိုင်ရန် ရည်ရွယ်ပါသည်။
အစားအစာနှင့်ရေမလုံလောက်မှု၊ လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းအပါအဝင် မတော်မတရားပြုမူမှု၊ နှိပ်စက်ညှင်းပန်းမှုအမျိုးမျိုးတို့ကြောင့် စစ်ကြောရေးစခန်းများ၊ အကျဉ်းထောင် များနှင့် ရဲဘက်စခန်းများတွင် သေဆုံးသွားခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများအကြောင်းကိုလည်း ယခုအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် အဆိုးဆုံးကိစ္စရပ်အနေဖြင့် မှတ်တမ်းမှတ်ရာများ မကျန်ရှိဘဲ နိုင်ငံရေးအကျဉ်းသားများ အစအနပျောက်ဆုံးမှုနှင့် စစ်ပွဲဖြစ်ပွားရာဒေသများတွင် နိုင်ငံရေး အကျဉ်းသားများအား ပေါ်တာများအဖြစ် အတင်းအကျပ်စေခိုင်းခံရမှုကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ပြီးနောက် ကြုံတွေ့ရင်ဆိုုင်နေရသော ဆိုးရွားသည့်လက်တွေ့ဘဝ အခြေအနေများဖြစ်သည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများအပါအဝင် လူမှုအဖွဲ့အစည်းနှင့် အောင်မြင်စွာပြန်လည်ပေါင်းစည်းရေးအတွက် တွေ့ကြုုံနေရသည့်အဟန့်အတားများကိုလည်း ဤအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ ဥပမာအားဖြင့် လူမှုရေးအရ ခွဲခြားသတ်မှတ်ခံရခြင်း၊ ခရီးသွားလာမှုကန့်သတ်ခံရခြင်း၊ ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ငြင်းပယ်ခံရခြင်း၊ ငွေကြေးအခက် အခဲများ၊ မိသားစုပြဿနာများနှင့် ဆက်လက်ခံစားနေရသော ကျန်းမာရေးပြဿနာများဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် ဤအစီရင်ခံစာသည် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုများအတွက် ပြန်လည်ကုစားမှုများ စီစဉ်ပေးရန် အဓိကကျသည့် မူဝါဒရေးရာအကြံပေးမှုများကို မြန်မာအစိုးရထံ ဦးတည်တိုက်တွန်း ထားပါသည်။
ဤအစီရင်ခံစာမှတစ်ဆင့် နိုင်ငံရေးအကျဉ်းသားများရင်ဆိုင်ကြုံတွေ့ရသော အကျပ်အတည်းများအပေါ် နားလည်သဘောပေါက်နိုင်စေရန်နှင့် ပိုမိုသတိပြုလာနိုင်စေရန် ကျွန်ုပ်တို့ AAPP နှင့် FPPS တို့မှ မျှော်လင့်ပါသည်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုရည်ရွယ်၍ အမှန်တရားရှာဖွေခြင်း လုပ်ငန်းစဉ်များအား ထူထောင်ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက် ပြန်လည်ထူထောင်ခြင်း၊ ပြန်လည်ကုုစားခြင်း၊ အသိအမှတ်ပြုခြင်းတို့အား ဖော်ဆောင်ပေးခြင်းဖြင့် ဤအစီရင်ခံစာတွင် ဖော်ပြထားသော အကြံပြု တိုက်တွန်းချက်များအား မြန်မာအစိုးရမှအကောင်အထည်ဖော်ပေးရန် ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။ ထို့ပြင် ဖိနှိပ်ခြင်းသံသရာအား အဆုံးသတ်စေရန်အတွက် တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီး ထိန်းသိမ်းရာတွင်အသုံးပြုခဲ့သော ဖိနှိပ်မှုဥပဒေများအား ပြန်လည်သုံးသပ်ခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း၊ ပြန်လည်ရေးဆွဲပြင်ဆင်ခြင်းတို့ ပြုလုပ်ပေးရန် မြန်မာအစိုးရအား ကျွန်ုပ်တို့မှ ထပ်မံတိုက်တွန်းပါသည်။ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများမှလည်း ကျွန်ုပ်တို့၏ ဤတိုက်တွန်းချက်များအား မြန်မာအစိုးရမှ အာရုံစိုက်အလေးအနက်ထားစေရန်အတွက် ကျွန်ုပ်တို့နှင့်အတူတကွ ရပ်တည် ပေးပါရန် AAPP နှင့် FPPS မှ တိုက်တွန်းအပ်ပါသည်။
ဆက်သွယ်ရန်
ကိုတိတ်နိုင်၊ အတွင်းရေးမှူး (AAPP)၊ ဖုန်း + ၆၆ (၀) ၈၁-၂၈၇၈၇၅၁၊
+ ၉၅ (၀) ၉၄၂၈၀၂ ၃၈၂၈
ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (AAPP)၊ ဖုန်း + ၉၅ (၀) ၉-၄၂၅၃၀၈၈၄၀
ကိုတင်မောင်ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ဖုန်း + ၉၅ (၀) ၉-၅၅၀၁၄၂၉
Email: info@aappb.org
ဒေါင်းလော့ရယူရန် Press Release (Report Launch) Bur
