စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇွန် ၁ ရက်၊ ၂၀၂၆ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇွန် ၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရ သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၈၀၆၆) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်အပေါ် ဆန့်ကျင်ခဲ့သည့် ဖြစ်ရပ်များနှင့်ဆက်စပ်၍ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၁၀၇၂) ဦးရှိသည်။ အဆိုပါ ဖမ်းဆီးခံရသူများ ထဲမှ ထိန်းသိမ်းခံနေရဆဲဟု အတည်ပြုနိုင်သူ (၁၄၂၆၁) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၈၇၉) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင်ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြား နိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်း ဖော်ပြသွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများမှာ ပိုမိုဆိုးဝါးလာလျက် ရှိရာ အေအေပီပီ၏ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၆ ခုနှစ်၊ မေလ လေးပတ်တာကာလအတွင်း အရပ်သား (၁၁၀) ဦး သေဆုံးခဲ့သည်။
နိုင်ငံတဝန်းရှိ အကျဉ်းထောင်များ၌ ထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းသားအခွင့်အရေးများကို အပြည့်အဝရရှိခြင်းမရှိဘဲ ဖိနှိပ်ခံနေကြရပြီး ဆေးကုသမှု လုံလောက်စွာ မရရှိခြင်းကြောင့် အသက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။ မေလအတွင်းတွင် ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား နှစ်ဦး၊ ဒိုက်ဦးအကျဉ်းထောင်၌ နိုင်ငံရေး အကျဉ်းသား တဦးတို့ သေဆုံးခဲ့ခြင်းကလည်း ဆိုးရွားလျက်ရှိသော အကျဉ်းထောင်တွင်းအခြေအနေများကို မီးမောင်းထိုးပြလျက် ရှိသည်။
ဒိုက်ဦးအကျဉ်းထောင်၌ ထိန်းသိမ်းခြင်းခံထားရစဉ် သေဆုံးခဲ့သော ဦးမျိုးတင့်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် အကြမ်းဖက်စစ်အုပ်စု၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထိန်းသိမ်းခံထားရစဉ်အတွင်း အပြင်းအထန်ဖျားနာ လာခဲ့သဖြင့် ဆေးကုသခွင့်တောင်းခံခဲ့ရာ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း အကျဉ်းသား ဖြစ်နေခြင်းနှင့် သွေးပေါင်ချိန်ကောင်းနေခြင်းတို့ကို အကြောင်းပြကာ ဆေးရုံတက်ရောက်ကုသခွင့်မပြုခဲ့ သဖြင့် လုံလောက်သော ဆေးဝါးကုသမှုကို မရရှိခဲ့ပေ။ ထို့ပြင် ဒုတိယအကြိမ် ဆေးရုံသို့ သွားရောက် ကုသရမည့် ရက်ချိန်းရှိခဲ့သော်လည်း လူကြီးလမ်းကြောင်းရှိသည်ဟုဆိုကာ သွားရောက်ခွင့် ထပ်မံ ပိတ်ပင် ခြင်းကိုခံခဲ့ရသည်။ ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ညပိုင်းအချိန်တွင် ၎င်း၏ ရောဂါအခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သဖြင့် မေလ ၁၇ ရက်နေ့တွင် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ညနေ ၅ နာရီခန့်တွင် အောက်ဆီဂျင်ကျဆင်းကာ သေဆုံးခဲ့သည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် : https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကိုကြည့်ရန် : https://coup.aappb.org/data-explorer
Data Explorer အသုံးပြုပုံ သရုပ်ပြဗီဒီယိုကြည့်ရန် – https://www.youtube.com/watch?v=GGcQIfcTuaQ
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
X : https://x.com/aapp_burma
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

