စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ – ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၆၈) ဦး ရှိခဲ့ပြီဖြစ်သည်။ 

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၅၃၉) ဦးရှိပြီး ထိုအထဲမှ (၂၁၈၀၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၂၉၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။

အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းသားများ၏အခွင့်အရေး အပြည့်အဝ မရရှိကြသည့်အပြင် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံဝန်ထမ်းများ၏ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုများကိုလည်း ခံနေကြရသည်။ ဧရာဝတီတိုင်း၊  ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများသည် အခြေခံလိုအပ်ချက်ဖြစ်သည့် နေထိုင်ရေးနှင့်စားသောက်ရေး အခက်အခဲများ ကြုံတွေ့နေရရုံသာမက သောက်ရေမရရှိသည့်အတွက် ခဲဓာတ်ပါသည့် ချိုးရေကိုသာ သောက်သုံးနေရသောကြောင့် လမ်းလျှောက်ရန်ခက်ခဲသည့်ကျန်းမာရေးပြဿနာများအပါအဝင် နာမကျန်းမှုများ ဖြစ်ပွားလျက်ရှိသည်။ သို့သော်လည်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်ခွင့်မရရှိသည့်အပြင် မိသားစုဝင်များမှ ပေးပို့သည့် ဆေးဝါးနှင့် ထောင်ဝင်စာပစ္စည်းများကိုလည်း ထောင်အာဏာပိုင်များက ကန့်သတ်ထားကြောင်း သိရှိရသည်။ 

ထို့ပြင် စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် နေ့စဉ်နှင့်အမျှ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီလ ၆ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကန်သာကျေးရွာရှိ ဘုန်းကြီးကျောင်းပေါ်ကို လေထီးဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဆရာတော်တပါး ပျံလွန်တော်မူခဲ့သည်။ အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့က မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့်  မာန်လည်ကျေးရွာရှိ ဘုန်းကြီးကျောင်းဆောင်ထိခိုက်ပျက်စီးခဲ့သည့်အပြင်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့သောကြောင့် အဆိုပါမြို့နယ် လက်ဝဲ-မြင်းနီကျေးရွာရှိ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တဂေးလောင်းကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့်နေအိမ် ၂၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Email : info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

X : https://x.com/aapp_burma 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)