စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၀၈) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၃၇၀) ဦးရှိပြီး ထိုအထဲမှ (၂၁၆၅၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၁၃၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများသည် အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအစာနှင့် ဆေးဝါးများကိုပင် ပြည့်ဝစွာ မရရှိကြဘဲ ဖိနှိပ်ခံနေကြရလျက်ရှိသည်။ မန္တလေးတိုင်း၊ မန္တလေးအကျဉ်းထောင်တွင် အစားအသောက်များနှင့်သောက်သုံးရေများ သန့်ရှင်းမှုမရှိသည့်အတွက် ယခုလ ဒုတိယအပတ်မှ စတင်ကာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားနေပြီး အကျဉ်းသားအကျဉ်းသူ ၇၀ ဦးခန့် ဖြစ်ပွားလျက်ရှိသည်။ သို့သော်လည်း ထောင်အာဏာပိုင်များမှ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မပေးသည့်အပြင် မိသားစုဝင်များမှ ပေးပို့သည့် ဆေးဝါးများကိုလည်း ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ထို့ပြင် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့က ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို လည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်နေ့က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကိုလည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာရှိ စာသင်ကျောင်းကိုလည်းကောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၃၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း သိရှိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

