စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – အောက်တိုဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၇၆၅) ဦး ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၅၁၇) ဦးရှိပြီး ထိုအထဲမှ (၂၁၀၂၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၈၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီး၌ အကျဉ်းသူ/သားများ၏ နေထိုင်စားသောက်မှု၊ သန့်ရှင်းသောရေလုံ လောက်စွာရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမှု အစရှိသည့် ကဏ္ဍစုံတွင် အကြမ်းဖက်စစ်အုပ်စုက ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပျက်ကွက်လျက်ရှိသည်။ သို့ဖြစ်ရာ အဆိုပါ အကျပ်အတည်းအမျိုးမျိုးကို ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အသက်အန္တရာယ်ထိခိုက်သည်အထိ နစ်နာခံစားနေကြရလျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှ စတင်၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏လက်ပါးစေများ၏ လက်ချက်ဖြင့် အကျဉ်းထောင်အတွင်း ချုပ်နှောင်ခံထားရစဉ် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၀၃) ဦးရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ ထိုအရေအတွက်အနက် ထောင်တွင်း၌ ဆေးဝါးကုသမှုမလုံလောက်ခြင်းကြောင့် သေဆုံးခဲ့ရသူ (၆၃) ဦး ပါဝင်သည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာလုယူသည့်နေ့၌ အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခံခဲ့ရပြီး မန္တလေးအကျဉ်းထောင်တွင်း ချုပ်နှောင်ခံထားရစဉ် ကိုဗစ်ရောဂါနှင့် သွေးကင်ဆာရောဂါများကို ခံစားခဲ့ရသော်လည်း လုံလောက်သော ဆေးဝါးကုသမှုကို မခံယူခဲ့ရဘဲ ထောင်တွင်း၌ ကျန်းမာရေးပိုမိုဆိုးရွားလာသည့်အတွက် စက်တင်ဘာလအတွင်း အကျဉ်းထောင်မှတဆင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသနေစဉ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၃ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့သည်။ ဒေါက်တာဇော်မြင့်မောင် ဆေးရုံ၌ သတိလစ်မေ့မြောနေချိန် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့၌ အကြမ်းဖက်စစ်အုပ်စုက ထောင်မှလွှတ်ပေးသည်ဟုဆိုကာ ထုတ်ပြန်ချက်ကို လာရောက်ဖတ်သွားခဲ့သည်ဟုသိရသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

