စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်
ရက်စွဲ – ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၃၉၈) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၂၀၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားသည်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၀၆၇) ဦးရှိပြီး ထိုအထဲမှ (၂၀၇၆၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၃၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များ တွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၂၄) ဦး ရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၄) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၈) ဦး ရှိပြီ ဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၆၃၀၇) ဦး ရှိသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။ အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက် ထည့်သွင်းဖော်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အခြေခံလူ့အခွင့်အရေးများကို အစဉ်တစိုက် ချိုးဖောက်လာခဲ့သည့် အကြမ်းဖက်စစ်အုပ်စုက အရပ်သားများ နေထိုင်ရာ ဒေသများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ခင်ဗလူကျေးရွာကို စစ်အုပ်စု၏တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စီးနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၈၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။
စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသော စစ်အုပ်စုက စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းများနှင့် အရပ်ဘက်ဆိုင်ရာ အဆောက်အဦများကို ဦးတည်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အဆိုပါလက်နက်ကြီးကျည်သည် ကျေးရွာရှိ စာသင်ကျောင်းအနီး၌ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စာသင်ကြားနေသော ကျောင်းသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်၊ သိန္နီမြို့ရှိ စာသင်ကျောင်းနှင့် ပညာရေးမှူးရုံးတို့ကို စစ်အုပ်စုက ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အဆိုပါအဆောက်အဦ နှစ်ခုစလုံးမှာ အလုံးစုံ ပျက်စီးခဲ့သည်။
အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် အဆိုပါကာလအတွင်း စစ်အုပ်စု၏ လက်ချက်ဖြင့် ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက ဖော်ပြပါ doc_data_team@aappb.org အီးမေးလ်သို့ တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/
AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –
စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3
စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90
လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm
ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း – bit.ly/3WP0sla
စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd
ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0
Email : info@aappb.org
Facebook : https://web.facebook.com/burmapoliticalprisoners/
Twitter : https://twitter.com/aapp_burma
“အရေးတော်ပုံအောင်ရမည်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း