စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၄၅၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၈၅၀) ဦးရှိပြီး ထိုအထဲမှ  (၁၇၈၄၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၅၈၁၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၂) ဦးရှိပြီဖြစ်သည်။ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိပြီဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၀၀၄) ဦး ရှိသည်။

အကြမ်းဖက်စစ်အုပ်စုသည် ကဆုန်လပြည့်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၂၁၅၃) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) ဖြင့် လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် အေအေပီပီအနေဖြင့် ယနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီအထိ ကိန်းဂဏန်းအရ (၁၂၇၇) ဦးကို အတည်ပြုနိုင်ခဲ့ပြီး (၉၆) ဦးကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ 

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။  အချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်သည်။

ယနေ့ရရှိသော အချက်အလက်များအရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသော ဒဿမတန်း ကျောင်းသား ကိုအောင်ချမ်းမြေ့ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) ဖြင့် ထောင်ဒဏ် ၁၂ နှစ် ထပ်မံ ချမှတ်ခဲ့သည်။ ကိုအောင်ချမ်းမြေ့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၄ ဖြင့် သေဒဏ် ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် သေဒဏ်အား ထောင်ဒဏ် တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲချမှတ်ခဲ့သည်။ ၎င်းသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၀၁ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပြီး ဖြစ်သောကြောင့် စုစုပေါင်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ၁၈ နှစ် ချမှတ်ခံထားရပြီးဖြစ်သည်။ ကိုအောင်ချမ်းမြေ့ကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ၎င်း၏နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဧပြီလ ၂၇ ရက်နေ့တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့ ဒေသခံ နှစ်ဦးဖြစ်သော ကိုပြည့်ဖြိုးဦးနှင့် ကိုကောင်းခန့်ဖြိုးတို့ကို သာယာဝတီထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ကြောင်း သိရှိရသည်။ သာယာဝတီထောင်၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကိုပြည့်ဖြိုးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၄ ဖြင့် ထောင်ဒဏ် ဆယ်နှစ်နှင့် ကိုကောင်းခန့်ဖြိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ကို အားပေးထောက်ခံသည်ဟု စွပ်စွဲ၍ အကြမ်းဖက်စစ်အုပ်စု၏တပ်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ CDM လှုပ်ရှားနေသည့် ဝန်ထမ်းများစသည့် နယ်ပယ်အသီးသီးမှ မည်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရခြင်းများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက အောက်ပါလိပ်စာများသို့  ဆက်သွယ်၍ အသိပေး၊ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် ကျဆုံးအချက်အလက်များကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို  detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

နွေဦးတော်လှန်ရေးကာလ သတင်းအချက်အလက်များကြည့်ရန် – https://coup.aappb.org/ 

AAPP မှ ပြုစုမှတ်တမ်းတင်ထားသည့် စာရင်းများကို Database တွင်ကြည့်ရန် –

စုစုပေါင်း ကျဆုံးစာရင်း – bit.ly/3taCmp3 

စုစုပေါင်း ဖမ်းဆီးခံရသူစာရင်း – bit.ly/3t7IE90 

လက်ရှိထိန်းသိမ်းခံနေရဆဲစာရင်း – bit.ly/3m3Z8Lm 

ထိန်းသိမ်းခံနေရသူများထဲမှ ပြစ်ဒဏ်ချခံရပြီးသူစာရင်း –  bit.ly/3WP0sla 

စုစုပေါင်း လွတ်မြောက်စာရင်း – bit.ly/3MbC3kd

ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း – https://bit.ly/3BmDPO0 

Sector ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Sector_Data_Definition (2-Feb-2023)

Special Condition ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် Special_Condition_Data_Definition (2-Feb-2023)

Database တွင်ရှာဖွေမှုပြုလုပ်ရန် သရုပ်ပြဗီဒီယိုဖိုင် ကြည့်ရန် https://youtu.be/OoyTSNG7zv4 

Email :   info@aappb.org

Facebook : https://web.facebook.com/burmapoliticalprisoners/

Twitter : https://twitter.com/aapp_burma

“အရေးတော်ပုံအောင်ရမည်”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း